1. Home
  2. Myanmar News

သက်ငယ်မုဒိန်း သေဒဏ်ချမှတ်ပေးရန် ဆန္ဒထုတ်ဖော်

Myanmar News พ.ย. 17, 2559 view 1,771
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် သက်ငယ်မုဒိန်းမှု ကျူးလွန်သူများအား သေဒဏ်ချမှတ်ပေးရန် ရခိုင် အမျိုးသမီးအများစု ပါဝင်သော လူ(၅၀၀)ခန့်က နိုဝင်ဘာ(၁၆)ရက်၊ နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့် အချိန်တွင် ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရှိရသည်။
 
ကလေးသူငယ်များ၏ ဘဝ၊ အနာဂတ်အား ပျက်စီးဆုံးရှုံးသွားစေသည့် သက်ငယ်မုဒိန်းမှုအား သေဒဏ် ပေးရန်နှင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၃၇၆)အား ပြင်ဆင်ပြဌာန်းပေးရန်တို့အား ရခိုင်အမျိုးသမီးကွန်ယက် အပါအဝင် စစ်တွေအခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်း (၁၀) ဖွဲ့ကျော်မှ အမျိုးသမီးများက ပူးပေါင်းပါဝင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ 
မုဒိန်းမှုပုဒ်မ(၃၇၆)ဟာ ပျော့လွန်းတယ်။ ထောင်ဒဏ်(၇)နှစ်၊ အလွန်ဆုံး(၁၀)ပဲချမှတ်ကြတယ်။ ဒါပေမယ့်  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာကြတယ်။ ဒါ့ကြောင့် ပြစ်ဒဏ်က ထိရောက်မှုမရှိဘူး ဖြစ်နေတယ်။ လူမမယ်အရွယ်လေးတွေကို ပစ်မှတ်ထားလာတာကို ရှုံ့ချပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လျက်နဲ့ ရိုင်းပြတဲ့ ဖြစ်ရပ်တွေ မကြခဏဖြစ်လာတယ်။ ဒါကြောင့် ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ ကျွန်မတို့ ပထမဆုံး အကြိမ်အဖြစ် တောင်းဆိုတာပါ။ ဒါကို တင်းတင်ကျပ်ကျပ် အရေးမယူခဲ့ရင် နောက်ပိုင်း ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ပြတ်ပြတ်သားသား သေဒဏ်ပေးပါလို့ အစိုးရကို ကျွန်မတို့တောင်းဆိုပါတယ်။
ဟု ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ရခိုင်အမျိုးသမီးကွန်ယက်မှ ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။
 
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူများအား ထိရောက်ပြင်းထန်သော အရေးယူ ဆောင်ရွက်မှု ပြုလုပ်ပေးရန်၊ သက်ငယ်မုဒိန်းမှု သေဒဏ်၊ ကလေးသူငယ်များအား မုဒိန်းကျင့်ခြင်းရပ်၊ သက်ငယ်မုဒိန်းမှုအား သေဒဏ်ပေးရန် တွန့်ဆုတ်မနေရေး၊ ရာဇာသတ်ကြီးဥပဒေပုဒ်မ(၃၇၆)ကို ပြင်ဆင်ပြဌာန်းရန် စသည့်အချက် (၅)ချက်တို့ပါဝင်သော လက်ကိုင်ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
 
အခုဥပဒေမှာ သက်ငယ်မုဒိန်းမှုအတွက် သီသန့်ချမှတ်ထားတဲ့ ပြစ်ဒဏ်မရှိပါဘူး။ အပြစ်မရှိတဲ့ ကလေးတွေ RAPE လုပ်ခံရတာများလာတယ်။ ဒါက အမျိုးသမီးတွေနဲ့ အများကြီးဆိုင်ပါတယ်။ အခု နောက်ပိုင်း အရွယ်မရောက်သေးတဲ့ ကိုယ့်သမီးလေးကို တစိမ်းတွေနဲ့ မထားရဲဘူးဖြစ်လာတယ်။ ဒါမျိုးဖြစ်မှာကို အရမ်းစိုးရိမ်မိပါတယ်။ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို မထားသင့်ပါဘူး။ သူတို့ကို သေဒဏ်ပေးပါ။” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဒေါ်သိန်းနုက ပြောသည်။
 
မြန်မာနိုင်ငံတွင် သက်ငယ်မုဒိန်းဖြစ်ပွားမှု မြင့်တတ်လာသည့်အတွက် ပြစ်မှုကျူးလွန်သူများအား အမြင့်ဆုံး သေဒဏ်ပေးရေးအဆိုကို ရခိုင်အမျိုးသာပါတီက ပြည်သူလွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် အဆိုတင်သွင်းမည်ဖြစ်ကြောင်းလည်း သိရသည်။
 
Credit:မြစ်မခမီဒီယာ
 

 



Follow us on