1. Home
  2. Myanmar News

ဓာတ်အားလိုင်းစနစ် အပြစ်ဖြစ်၍ တစ်နိုင်ငံလုံးနှစ်နာရီခန့်ကြာ လျှပ်စစ်မီးပြတ်

Myanmar News พ.ย. 22, 2559 view 1,534

လျှပ်စစ်ဓာတ်အားပေးသည့် စနစ်ပြတ်တောက်မှု(System Break)ဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၂၁ ရက် ည ၇နာရီ မိနစ် ၅၀ က စတင်၍ တစ်နိုင်ငံလုံးရှိမြို့များတွင် နှစ်နာရီခန့်ကြာ လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါတယ်။တောင်တွင်းကြီး - ရွှေတောင် မဟာ ၂၃၀ ကေဗီဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်သဖြင့်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

“System Break ဖြစ်သွားလို့ တစ်နိုင်ငံလုံး ပြတ်သွားပါတယ်။အခုလောလောဆယ်ပြန်ပြင်နေလို့ ဒီထက်ပိုပြောလို့မရပါဘူး”ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။ “အခုတစ်လော မီးက ခဏခဏပြတ်တယ်၊ လာပြန်တော့လည်း မီးအားကမကောင်းဘူး မီးအားမြှင့်စက်ရှိတဲ့ အိမ်တွေတော့ အဆင်ပြေတယ်။မရှိတဲ့အိမ်တွေကျတော့ မီးချောင်းတွေ ကျွမ်းမှာစိုးလို့ ပိတ်ထားရတယ်”ဟု တောင်ဥက္ကပမြို့နယ်နေ အသက်(၂၆)နှစ် အရွယ် အမျိုးသမီးတစ်ဦးကဆိုပါတယ်။ရန်ကုန်မြို့အပါဝင် မြို့ကြီးများတွင် နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်၌ လျှပ်စစ်မီးများ ပြန်လာပြီဖြစ်ကြောင်း အဆိုပါဒေသခံပြည်သူများထံမှ သိရပါတယ်။

“ရန်ကုန်မြို့ရှိမြို့နယ် ၈၀ ရာခိုင်နှုန်းကို မီးအားစတင်ပေးနေပါပြီ။အခုပြတ်သွားတဲ့ လိုင်းကအဓိကမီးပေးတဲ့ မဟာဓာတ်အားလိုင်းရဲ့ အဓိကလိုင်းတစ်ခုဖြစ်တဲ့အတွက် မီးပြတ်သွားတာပါ”ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။

Ref : 7day daily

ဓာတ်ပုံ:သရုပ်ဖော်မျှသာ



Follow us on