1. Home
  2. Football

မလေးရှားနှင့်ပွဲတွင် အနိုင်ကစားပြီး သုံးမှတ်အရယူမည်ဟု မြန်မာအသင်း နည်းပြချုပ် ပြောကြား

Football พ.ย. 25, 2559 view 1,575
ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေး အဆုံးအဖြတ် ပွဲစဉ်ဖြစ်သည့် မလေးရှားအသင်းနှင့် ပွဲတွင် သေချာပေါက် အနိုင်သုံးမှတ်ကို အရယူမည်ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာဂတ်ဆီဇီက ယနေ့နံနက်ပိုင်းက နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
 
မြန်မာအသင်းသည် ၂၀၁၆ ဆူဇူကီးဖလား အုပ်စု(ခ) ပွဲစဉ် ၂ ပွဲ ကစားအပြီးတွင် ရမှတ် ၃ မှတ် ဂိုးကွာခြားချက် အသာဖြင့် ရမှတ်တူ မလေးရှား အသင်း၏ အထက် ဒုတိယနေရာတွင် ရှိနေသည်။ ဂိုးကွာခြားချက် အသာစီး ရနေသောကြောင့် နောက်ဆုံးပွဲတွင် သရေကစားရုံဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သော်လည်း သရေတစ်မှတ်ကို ဦးတည် ကစားမည် မဟုတ်ကြောင်း မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက ပြောကြားခဲ့သည်။
 
မလေးရှား အသင်းရဲ့ ဗီယက်နမ်နဲ့ ပွဲက ကစားပုံကို အတော်လေး အထင်ကြီးမိပါတယ်။ မလေးရှားက အသင်းကောင်း တစ်သင်း ဖြစ်တာကြောင့် ကျွန်တော်တို့ နှစ်သင်း ထိပ်တိုက်တွေ့မယ့် မနက်ဖြန် ပွဲဟာ သေချာပေါက် ပင်ပန်းမယ့်၊ ခက်ခဲမယ့် ပွဲပါ။ အနေအထားက သူသေ၊ ကိုယ်သေ ရုန်းကန်ရမယ့် အနေအထား ဖြစ်နေပါပြီ။ ကျွန်တော်ကတော့ ရှင်သန်သူပဲ ဖြစ်ချင်ပါတယ်။ ဒါကြောင့် အနိုင်သုံးမှတ် အတွက်ပဲ ကစားသွားမှာပါ။ သရေတစ်မှတ်ကိုပဲ ဦးတည်ပြီး ကစားမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ အတွက် အရမ်းကို အန္တရာယ် များပါတယ်
ဟု မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက ပြောကြားခဲ့သည်။
 
ထို့အတူ မလေးရှား အသင်း နည်းပြချုပ် မစ္စတာ အွန်ကင်မ်ဆွီးကလည်း မြန်မာနှင့်ပွဲတွင် အနိုင်ရလဒ်ကိုသာ အရယူသွားမည်ဟု ဆိုခဲ့သည်။ 
 
နောက်ဆုံးပွဲမှာ ကျွန်တော်တို့ နှစ်သင်းလုံး ရလဒ်ကောင်း ရဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်မှာ အသေအချာပါပဲ။ မြန်မာအသင်းက လူငယ်တွေ အများစု ပါဝင်ပြီး တစ်ကယ့်ကို တောင့်တင်း လျှင်မြန်တဲ့ အသင်း တစ်သင်းပါ။ သူတို့က အိမ်ရှင် ဖြစ်တဲ့ အတွက် အိမ်ရှင်ဆိုတဲ့ အားသာချက် တစ်ရပ်တော့ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်း အနေနဲ့ အနိုင်ရလဒ်ကို အရယူနိုင်ဖို့ အားထုတ် သွားမှာပါ။ ပရိသတ်တွေရဲ့ ဖိအားအတွက်တော့ ကျွန်တော့် ကစားသမားတွေကို သိပ်ပြီး စိတ်မပူ မိပါဘူး။ ပရိသတ် ဖိအားဒဏ်ကို သူတို့တွေ ကောင်းကောင်း ကိုင်တွယ် နိုင်ပါတယ်
ဟု မလေးရှား အသင်း နည်းပြချုပ် အွန်ကင်မ်ဆွီးက ဆိုသည်။
 
 
မြန်မာ့လက်ရွေးစင် အသင်းနှင့် မလေးရှား အသင်းတို့သည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၄ ဆူဇူကီးဖလား ပြိုင်ပွဲတွင် အုပ်စုတွင်း၌ တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က ဂိုးမရှိ သရေကျခဲ့သည်။ မြန်မာအသင်းနှင့် မလေးရှား အသင်းတို့၏ ပွဲစဉ်ကို မနက်ဖြန် နိုဝင်ဘာ ၂၆ ရက် ညနေ ၆:ဝဝ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။
 
Credit:MFF


Follow us on