ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား အသက်အရှည်ဆုံး အဘွားအိုတစ်ဦးဖြစ်သူ “အယ်မာမိုရမ်” ဟာ ယခုသီတင်းပတ်ဆိုရင် အသက် ၁၁၇ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၁၈၉၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အဘွားအိုဟာ ကမ္ဘာစစ်ကြီး နှစ်ခုလုံးကို မီခဲ့သူလည်းဖြစ်ပါတယ်။
သူမဟာ တစ်နေ့ကို ကြက်ဥ သုံးလုံး ပုံမှန်စာသုံးခဲ့ခြင်းက သူမကို အခုလို အသက်ရှည်ခဲ့တာလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ သူမ အသက် ၂၀ အရွယ်တုန်းက သွေးအားဆုပ်ယုတ်တဲ့ရောဂါ ကုသခံယူစဉ် ဆရာဝန်က အကြံပေးခဲ့တဲ့အတွက် နေ့စဉ် ကြက်ကတစ်လုံးကို အကျက်စားပြီး နှစ်လုံးကိုတော့ အစိမ်းစားခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒါပြင် စဉ်းကော(ကြိတ်)လုပ်ထားတဲ့ အသားအနည်းငယ်နဲ့ ညလည်စာအဖြစ် နွားနို့သောက်ပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တစ်ပတ်မှာ ချော့ကလက်နဲ့ လုပ်ထားတဲ့ ဟေဇယ်သီ ၅၀၀ ဂရမ်စားနဲ့ ပျားရည်တို့ကို စားသောက်ပါသေးတယ်။
“အယ်မာ” ကို အီတလီနိုင်ငံ စီဗက်စကိုမှာ ၁၈၉၉ ခုနှစ်က မွေးဖွားခဲ့ပြီး မွေးချင်း ၈ ယောက်မှာ အကြီးဆုံး သမီးဖြစ်ပါတယ်။ သူမရဲ့ ဆယ်ကျော်သက်အရွယ်မှာ အက၊ ဂီတတို့ကို နှစ်သက်ခဲ့ပေမယ့် သူမဘဝရဲ့ အချိန်တော်တော်များများက ခေတ်ဆိုးကြီးတွေကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပါတယ်။
ပထမကမ္ဘာစစ်အတွင်းမှာ သူမရဲ့ ချစ်သူဟာ စစ်ထဲလိုက်ပါခဲ့ရပြီးနောက် သူတို့နှစ်ဦးဟာ ဘယ်တာ့မှ ပြန်မတွေ့ခဲ့ရတော့ပါဘူး။ “အယ်မာ” က သူ့ချစ်သူ စစ်ထဲမှာ သေသွားပြီလို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် သတင်းစာမှာ ဖော်ပြရေးသားခဲ့တာကတော့ သူပြန်လာခဲ့ပေမယ့် “အယ်မာ” တို့ ပြောင်းရွေ့သွားတာကြောင့် ရှာမတွေ့ခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။
၁၉၂၆ ခုနှစ် အောက်တိုဘာမှ “အယ်မာ” လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် ၁၁ နှစ်ကြာတော့မှ ကလေးတစ်ဦး ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ကလေးဟာ ခြောက်လသားအရွယ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ “အယ်မာ” ဟာ မပျော်ပိုက်တော့တဲ့ သူမရဲ့အိမ်ထောင်ရေးကို ကလေးကွယ်လွန်ပြီး နောက်တစ်နှစ်မှာပဲ အဆုံးသတ်ပြီး ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။
အဲဒီအချိန်ကနေစပြီး သူမဟာ တစ်ဦးတည်းနေထိုင်ပြီး ဂုံလျှော်အိတ်ထုတ်တဲ့ စက်ရုံမှာ ဝင်ရောက်လုပ်ကိုင်ခဲ့သလို ထမင်းချက်တစ်ဦးအဖြစ်လည်း သူမအသက် ၇၅ နှစ်အရွယ် အနားမယူခင်ထိ အလုပ်လုပ်ခဲ့ပါတယ်။
“အယ်မာ” မှာ ဆွေးမျိုးသားချင်းများကလည်း ကွယ်လွန်ကုန်ပြီဖြစ်လို့ သူမကို ပြုစုစောင့်ရှောက်သူ “ရိုစီစန်တိုနီ” ဆိုသူ အမျိုးသမီးနဲ့ နေထိုင်ပါတယ်။ လမ်းလျှောက်ရင် အလွန်ပင်ပန်းတာကြောင့် နေ့ခင်းနေ့လည်ဆိုရင် အိပ်နေတတ်ပါတယ်။ သူမရဲ့ အသက်အရွယ်အရဆိုရင်တော့ ကျန်းမာရေး အလွန်ကောင်းပါတယ်လို့ “ရိုစီ” က ပြောပါတယ်။
“အယ်မာ” ဟာ ယခင်က အသက်အရှည်ဆုံး စာရင်းဝင်ဖြစ်သူ “မူရှတ်ဂျုံးစ်” အသက် ၁၁၆ နှစ် ကွယ်လွန်သွားပြီးတဲ့နောက် အသက်ရှင်နေသေးတဲ့ ကမ္ဘာ့အသက်ရှည်ဆုံး လူသားတစ်ဦးဖြစ်လာပါတယ်။
“မူရှတ်ဂျုံးစ်”
“မူရှတ်ဂျုံးစ်” ဟာ ၁၈၉၉ ခုနှစ်က အမေရိကန်နိုင်ငံ အယ်ဘားမားပြည်နယ်က တောရွာလေးတစ်ရွာမှာ မွေးဖွားလာခဲ့သူဖြစ်ပြီး သူရင်းငှား၏ သမီးတစ်ဦးဖြစ်ခဲ့ပြီး အဘိုးအဘွားများက ကျွန်များဖြစ်ခဲ့သည်။ မွေးချင်း ၁၁ ယောက်ရှိပြီး ငယ်စဉ်က လူမည်းများအတွက် သီးသန့်ကျောင်းတွင် ပညာသင်ကြားခဲ့ရသည်။ သားသမီးမထွန်းကားတဲ့ “မူရှတ်ဂျုံးစ်” ဟာ ဂျပန်နိုင်ငံက “မီဆာအို အိုကာဝါ” အသက် ၁၁၇ နှစ် ကွယ်လွန်ခဲ့တဲ့ အချိန်မှာတော့ အသက်ရှည်ဆုံးလူသားအဖြစ် ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။
“မီဆာအို အိုကာဝါ”
ကမ္ဘာပေါ်မှာ လူ့သက်တမ်း အရှည်ဆုံးနေထိုင်သွားခဲ့သူမှာ ပြင်သစ်နိုင်ငံက “ဂျီနီ ကားလ်မန့်” ဆိုသူဖြစ်ခဲ့ပြီး အသက် ၁၂၂ နှစ်နှင့် ၁၆၄ရက် အသက်ရှည်ကာ ၁၉၉၇ တွင် ကွဘ်လွန်ခဲ့သူဖြစ်ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့အသက်ရှည်ဆုံး သက်ရှိလူသားနေရာကို “အယ်မာ” က ရယူခဲ့ပြီး အီတလီလူမျိုးထဲမှာတော့ အသက်ရှည်ဆုံး လူသားတစ်ယောက် ဖြစ်ခဲ့ပါပြီ။
Ref:CNA