ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တွင်း လမ်းကျပ်တည်းမှုကိုဖြေရှင်းရန် ကွန်တိန်နာယာဉ်များ ညဘက်သီးသန့်ပြေးဆွဲမှု အစီအစဉ်ကို နိုဝင်ဘာ ၁ ရက်နေ့တွင် စမည်ဟုကြေညာခဲ့သော်လည်း လုပ်ငန်းရှင်များနှင့် ကွန်တိန်နာယာဉ်မောင်းများ လိုက်နာရန် အခက်အခဲများရှိနေပြီး အဆင်သင့်မဖြစ်သေးမှုအပေါ် နားလည်သည့်အနေနှင့် အဆိုပါ ဥပဒေ စတင်ကျင့်သုံးရန် ရက်စွဲကို နိုဝင်ဘာ(၁၅)ရက်၊ ထိုမှတစ်ဆင့် နိုဝင်ဘာလကုန်ပိုင်း၊ မှတစ်ဆင့် ဒီဇင်ဘာ(၁)ရက်နေ့သို့ အဆင့်ဆင့် ဖြေလျော့ပြောင်းလဲပေးခဲ့ပြီး ယခုနောက်ဆုံး ဒီဇင်ဘာ(၇)ရက်နေ့ (မနေ့က) မဖြစ်မနေလိုက်နာကြရန် အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မနေ့က စတင်ကျင့်သုံးခဲ့သည့် လမ်းစည်းကမ်းအသစ်တွင် ကွန်တိန်နာယာဉ်များ ည(၉)နာရီမှ နံနက်(၆)နာရှိထိသာ ပြေးဆွဲရမည်ဟူသော စီမံချက်အပေါ် လိုက်နာသယောင်ပြု၍ နံနက်(၆) နာရီ ထိုးသည်နှင့် လမ်းမပေါ်တွင် ရောက်သည့်နေရာတွင် စီတန်းရပ်နားထားခြင်းက ဥပဒေအပေါ် အထအနကောက်ကာ အရွဲ့တိုက်ဆန္ဒပြခဲ့ခြင်းဖြစ်သည့် အတွက် ကမ်းနားလမ်းတစ်လျှောက်တွင် မောင်းသူမဲ့ ပစ်ထားခဲ့သည့် ကွန်တိန်နာယာဉ်ကြီးများကြောင့် လမ်းပိတ်ဆို့မှုဆိုးရွာစွာ ဖြစ်ပေါ်လျှက်ရှိသည်။
အများပြည်သူ သွားလာနေသောလမ်းမပေါ်တွင် ယာဉ်ရပ်နားထားသည့်အတွက် ယာဉ်စည်းကမ်းဥကပဒေများနှင့် အညီအရေးယူဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ လက်တစ်လုံးခြားလှည့်နိုင်သော ကွန်တိန်နာယာဉ်များအတွက် ထုတ်ပြန်ထားသည့် ဥပဒေသစ်၏ အားနည်းချက်များကိုလည်း ပြင်ဆင်ဖြည့်စွက်ရေးသား ပြဌါန်ဖို့ လိုနေပြီဖြစ်ပါတယ်။
ကွန်တိန်နာယာဉ်မောင်းများ၏ အဆိုပါ တာဝန်မဲ့လုပ်ရပ်ကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြစ်တင်ဝေဖန်မှုများရှိနေပြီး တာဝန်သိစိတ်နှင့် စည်းကမ်းလိုက်နာလိုစိတ်များ ဖြစ်ပေါ်လာရန် ဥပဒေနှင့်သာ ထိန်းကြောင်းပဲ့ပြင်သွားရမည်ဟု ရေးသားသုံးသပ်လျှက်ရှိကြသည်။