ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT Park အနောက်ဘက် ဝင်ပေါက်အနီး ရပ်ထားသော Toyota Wish အမျိုးအစား ယာဉ်တစ်စီးပေါ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ရပြီး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအလောင်းကို ပုတ်ပွ၍ အနံ့အသက်များ ထွက်လာမှသာ အနီးပတ်ဝန်းကျင်မှ လူများ သိရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယာဉ်ပေါ်တွင် သေဆုံးနေသော အမျိုးသားမှာ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်(တောင်ပိုင်း) တွင် နေထိုင်သူ အသက် (၂၄)နှစ်အရွယ် ကိုစည်သူစိုး ဖြစ်ပြီး မော်တော်ယာဉ်ပေါ်တွင် ငွေကျပ် ၂၅ သိန်းကျော်နှင့်အတူ ဘီယာဗူးခွံများ စစ်ဆေးတွေ့ရှိခဲ့ရသည်။
အလောင်းအား စစ်ဆေးခဲ့ရာ ဘယ်ဘက်နံရိုးကျိုး၍ ရင်ခေါင်းအတွင်းသို့ သွေးသွန်သေဆုံးခဲ့ကြောင်း တွေ့ရှိရသည့်အတွက် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ကာ ဆက်လက်စုံစမ်း ဆောင်ရွက်လျှက်ရှိကြောင်း လှိုင်မြို့မရဲစခန်းမှ သတင်းရရှိသည်။
Ref:7Day