1. Home
  2. Myanmar News

ရန်ကုန်မြို့မှ ဈေးများကို ကားပါကင်၊ ရုံခန်းများပါဝင်သည့် အဆင့်မြင့်ဈေးများအဖြစ် ဆောက်လုပ်မည်

Myanmar News ธ.ค. 19, 2559 view 1,534
ရန်ကုန်မြို့ရှိ ဈေးအများစုကို ကားပါကင်၊ ရုံးခန်းများပါဝင်သည့် အထပ်မြင့်ဈေးများအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်းစိုးက ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
 
တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၏ တာမွေမြို့နယ် ဒဂုန်ညွန့်ဈေးအား အဆင့်မြင့်ဈေး တည်ဆောက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန်က အောက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်တို့ ဈေးတွေအားလုံးကို ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ အထပ်မြင့်တွေပေါ့။ အထပ်မြင့်ဆိုရာမှာ ကားပါကင်တွေ၊ Office Apartment တွေရောထည့်ဖို့ပါ။ ဈေးတွေကို ဒီအချက်အလက်တွေကို ထည့်သွင်းဆောင်ရွက်ဖို့ကိုလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က လမ်းညွှန်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒဂုံညွန့်ဈေးကိုလည်း အဲဒီအစီအစဉ်အတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်
ရန်ကုန်မြို့တွင်းရှိ စည်ပင်သာယာ အုပ်ချုပ်မှုအောက်တွင်ရှိနေသော ဈေးများသည် ဈေးအင်္ဂါရပ်နှင့် မညီညွတ်ခြင်း၊ တည်နေရာအနေအထား လွဲမှားခြင်းနှင့် မြို့ပြပတ်ဝန်းကျင်နှင့် ကိုက်ညီသော ဒီဇိုင်ပုံစံမရှိခြင်းတို့ကြောင့် အသစ်ထပ်မံတည်ဆောက်မည့် အဆင့်မြင့်ဈေးများတွင် ဖော်ပြပါအားနည်းချက်များ မရှိစေရန် တည်ဆောက်သွားမည်ဖြစ်ပြီး ဈေးများတည်ဆောက်မှုကို PPP (Public, Private, Partnership) စနစ်နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်တွင် အခွန်လွတ်ဈေးများ အပါအဝင် ဈေးပေါင်း ၁၇၀ ခန့်ရှိပြီး ယခင်အစိုးရလက်ထက်က ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောက်လုပ်ခဲ့ပြီး ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေး၊ တာမွေမြို့နယ်ရှိ ရာပြည့်ဈေးတို့ကို အကျိုးတူ ဆောက်လုပ်ခဲ့ရာ ယင်းအထဲတွင် ရေကျော်ဈေးမှာ ပြီးစီးသွားပြီဖြစ်ပြီး တာမွေရာပြည့်ဈေးမှာမူ ဆောက်လုပ်ဆဲဖြစ်ကြောင်း သိရသည်။
 
Credit:Eleven
 


Follow us on