1. Home
  2. Myanmar News

နိုင်ငံတော် ပုန်ကန်မှုဖြင့် အစ္စလာမ် လေးဦးကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ

Myanmar News ธ.ค. 23, 2559 view 1,547
KIA နှင့် ဆက်သွယ်၍ အစ္စလာမ်တပ် ထူထောင်ကာ နိုင်ငံတော်ကို ပုန်ကန်ရန် ကြံစည်မှု ပုဒ်မ ၁၂၂ ဖြင့် ဖမ်းဆီး ခံထားရသည့် ပန်းချီဆရာ ဦးဇော်မင်းထွေး၊ ဦးမြင့်သိန်း၊ ဗရာမန်နှင့် ဦးခင်မောင်ရွှေတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံစေရန် မန္တလေးခရိုင် တရားရုံးက ဒီဇင်ဘာလ ၂၂ ရက်နေ့က ချမှတ်လိုက်သည်။
 
ဒါတွေက လုံးဝ မကျူးလွန်ခဲ့ဘူး။ စိတ်ကူးလည်း မယဉ်ခဲ့ဘူး ”ဟု ပြစ်ဒဏ် ချမှတ်ခံရသည့် ဦးမြင့်သိန်းက ပြောကြားသည်။
တရားရုံး လျှောက်လဲချက်တွင် ပါရှိသည့် လူသစ်စုဆောင်းခြင်း၊ ခရီးသွားခြင်း၊ ကေအိုင်အေနှင့် တွေ့ဆုံခဲ့ခြင်းတို့ မရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။ 
 
ဥပဒေရဲ့ အကာအကွယ်ကို မရဘူး”ဟု ပြစ်ဒဏ် ချမှတ်ခံရသည့် ဦးခင်မောင်ရွှေက ပြောကြားသည်။ မိမိ၏ ခင်ပွန်းမှာ ပန်းချီဆရာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ကြောင်း၊ ဖြစ်စဉ် တစ်ခုတည်းတွင် ယခုကဲ့သို့ ပုဒ်မအများကြီး တပ်ခြင်းမှာ မဖြစ်သင့်ကြောင်း ဦးဇော်မင်းထွေး၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းမြင့်က ဆိုသည်။
တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ကျွန်မတို့ ရှေ့နေနဲ့ တိုင်ပင်ပြီး အယူခံ ဆက်တက်ပါမယ် ”ဟု ၎င်းက ပြောကြားသည်။
 
မန္တလေးမြို့ဒေသခံ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့ဒေသခံ ဦးမြင့်သိန်းနှင့် ဦးဗရာမန်း၊ မိုးညှင်းမြို့ဒေသခံ ဦးခင်မောင်ရွှေတို့ လေးဦးအား ကေအိုင်အေနှင့် ဆက်သွယ်ကာ အစ္စလာမ်တပ် ထူထောင်ရန် လုပ်ဆောင်မှုဖြင့် လွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်းက ဖမ်းဆီးခဲ့ပြီး စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 
၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ၅ နှစ်၊ အရေးပေါ် စီမံချက်အက်ဖြင့် ၂ နှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့က မတရားအသင်း ဆက်သွယ်မှုဖြင့် သုံးနှစ်တို့ကို တစ်ပေါင်းတည်း ၅ နှစ် ကျခံစေရန် အမရပူရမြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က မန္တလေး ခရိုင်တရားရုံးတွင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံရခြင်း ဖြစ်သည်။
 
လာမည့် ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း မန္တလေး ခရိုင် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ည) နှင့် ၅၂ (က) ဖြင့် တရား စွဲဆိုထားမှုကို ထပ်မံ ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။
 
Credit:TheVoice
 


Follow us on