လိုက်ထရပ်ကား မောင်းသူနှင့် ဘီအမ်ကား မောင်းသူတို့ အချင်းများနေကြစဉ် နောက်ထပ် ဘီအမ်ကားတစ်စီး ရောက်ရှိလာပြီး လိုက်ထရပ်မောင်းသူအား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ ရုပ်သံဖိုင်အရ ဘီအမ်ကားသမားမှ လိုက်ထရပ်မောင်းသူအား “ထိုင်ရှိခိုးစမ်း ဟေ့ကောင်..! မသေချင်ရင် ထိုင်ရှစ်ခိုးစမ်း”ဟု အပေါ်စီးမှ လက်သီးရွယ်ထားသည့်အတွက် လိုက်ထရပ်ကားမှ တစ်ဦးက ထိုင်ရှိခိုးခဲ့ရသည်။
ထိုစဉ် အခြားတစ်ဦးကို ဘီအမ်ကားသမား နောက်တစ်ဦးမှ လိုက်လံရိုက်နှက်ခဲ့သည်။
လမ်းမကြီးအလယ် လူအများကြီးကြားတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ အနိုင်ကျင့် ရိုက်နှက်ခဲ့ကြပြီး ပတ်ဝန်းကျင်မှ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။
အဆိုပါ ရုပ်သံ ဗီဒီယိုကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲ ဝန်းကျင်ခန့်က လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ်တွင် Ko Nay Win အကောင့်ပိုင်ရှင်မှ တင်ထားခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်ခဲ့သော ဗီဒီယိုတစ်ခုဖြစ်ခဲ့သည်။
လိုင်းကားသမားများ၏ မင်းမဲ့စရိုက်ဆန်စွာ ပြုမူဆက်ဆံမှုများကြောင့် ယင်းတို့ကို ပြန်လည်တုံ့ပြန်ရန် လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် အဖွဲ့များဖွဲ့စည်းလျှက်ရှိပြီး ဘစ်ကားပေါ်တွင် အနိုင်ကျင့်မှုများ ရှိခဲ့ပါက စကားဝှက်ဖြင့် အချင်းချင်းဆက်သွယ်ကာ စုစည်းတုံ့ပြန်ရန် ပြင်ဆင်လျှက်ရှိသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ (ယနေ့)တွင် မ.ထ.သ (ဗဟို)မှ ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စည်းကမ်းချိုးဖောက်သော ယာဉ်လုပ်သားများကို ထိရောက်စွာ အရေးယူနေတယ်ဟု ပြောကြားခဲ့သော်လည်း အခြား သတင်းတရပ်တွင်မူ ယာဉ်လုပ်သားများ ခိုက်ရန်ဖြစ်ပွားမှုနှင့် စည်းကမ်းဖောက်ခြင်း မထသ (ဗဟို) မထိန်းနိုင် ဟု ရေးသားဖော်ပြခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေကာမူ လိုင်းကားသမားများ၏ စော်ကားရိုက်နှက်မှုကို ပြည်သူများက ငြိမ်ခံ၍ မနေတော့မည်မှာ သေချာနေသည်ဖြစ်တဲ့အတွက် မ.ထ.သ အဖွဲ့အစည်းအနေနှင့် လုံးဝ ထိရောက်စွာ တာဝန်ယူခြင်း (သို့မဟုတ်) မ.ထ.သ အဖွဲ့ကို ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်မှု တစ်ခုခုကို မဖြစ်မနေ လုပ်ဆောင်ရတော့မည်ဖြစ်သည်။
Video Credit:Ko Nay Win