
ယောက္ခမ၏ တရားစွဲဆိုမှုကြောင့် ရိုးရာလက်ဝှေ့ကစားသမား သပြေညိုသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခံရကာ နိုင်ငံခြားသားနှင့် ထိုးသတ်မည့်ပွဲ အပါအ၀င် ပွဲစဉ်အချို့ ဖျက်သိမ်းခဲ့ရကြောင်း သတင်းရရှိသည်။ အသက်မပြည့်သေးသော သမီးကို ခိုးယူပေါင်းသင်းသည်ဆို ကာ ယောက္ခမက သပြေညိုကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဘားအံမြို့နယ် ဒုတိယမြို့နယ်တရားရုံးက ဒီဇင်ဘာ ၂၈ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း ဘားအံမြို့နယ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။
သပြေညိုသည် အသက် (၁၈)နှစ်မပြည့်သေးသူ အမျိုးသမီးတစ်ဦးနှင့် ၂၀၁၆ နှစ်ဦးက တရားဝင်လက်ထပ်ခဲ့ပြီး ယင်းအမျိုးသမီး၏ မိဘများက အသက်မပြည့်သေးသူကို ခိုးယူ ပေါင်းသင်းမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သပြေညို၏ မိတ်ဆွေ ကိုဇော်ရဲထက်က ပြော သည်။ ထောင်ကျချိန်တွင် ယင်းအမျိုးသမီး၌ ၄၅ ရက်အရွယ် သမီးငယ်တစ်ဦး ရရှိနေပြီဖြစ်သကဲ့သို့ အမျိုးသမီးကလည်း အသက်(၁၈)နှစ် ပြည့်နေပြီဖြစ်ကြောင်း ကိုဇော်ရဲထက်ကပြောသည်။
ထောင်ဒဏ်ကျခံနေရ၍ မူလက ထိုးသတ်ရန် စီစဉ်ထား သော ထိုင်းနိုင်ငံသား နာမည်ကျော်လက်ဝှေ့သမား ပါဝိနှင့် ထိုးသတ်ရန် စီစဉ်ထားသော ပွဲအပါအ၀င် သုံးပွဲဖျက်သိမ်းရသည်ဟု ၎င်းကဆက်လက်ပြောသည်။
Soure : 7daydaily
comment