1. Home
  2. Myanmar News

မြန်မာ Passport ကမ္ဘာ့ အဆင့် ၈၆ မှာ ရှိ

Myanmar News ม.ค. 05, 2560 view 1,597

ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး အကြံပေး ကုမ္ပဏီ အာတန် ကက်ပီတယ်လ် (Arton Capital) က ကမ္ဘာမှာ သြဇာအရှိဆုံး နိုင်ငံကူးလက်မှတ် (Passport) စာရင်း ၂၀၁၆ ခုနှစ်ကို သူ့ရဲ့ ကမ္ဘာ့နိုင်ငံကူးလက်မှတ် အဆင့် ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြထားရာ ဂျာမနီက ကမ္ဘာမှာ နံပါတ် ၁ ဖြစ်ပြီး ဆွီဒင်နိုင်ငံက အဆင့် ၂ နေရာမှာ ရှိပါတယ်။ ဂျာမနီ နိုင်ငံကူးလက်မှတ် ကိုင်ဆိုင်ထားသူတွေဟာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားစရာမလိုဘဲ၊ ဒါမှမဟုတ် ဆိုက်ရောက်ချိန်မှ လျှောက်ထားနိုင်တဲ့ ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၈ နိုင်ငံ ရှိပါတယ်။ ဆွီဒင်ကတော့ ၁၅၇ နိုင်ငံ ရှိပါတယ်။ ဗီဇာမလိုဘဲ သွားလို့ရတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံ စီ ရှိတဲ့ ဥရောပတိုက်က ယူကေ၊ ပြင်သစ်၊ စပိန်၊ ဆွစ်ဇာလန်၊ ဖင်လန် နိုင်ငံတွေနဲ့ အတူ အရှေ့အာရှက တောင်ကိုရီးယား နိုင်ငံက အဆင့် ၃ နေရာ ချိတ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ကတော့ ၂၀၀၈ ခုနှစ်ကမှ ဆာဘီးယားကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်တဲ့ နိုင်ငံထူထောင်ခဲ့တဲ့ ဥရောပအရှေ့တောင်ပိုင်းက ကိုဆိုဗိုနိုင်ငံနဲ့ အတူ အဆင့် ၈၆ နေရာမှာ ရှိပြီး ဗီဇာ မလိုဘဲ သွားလို့ရတဲ့ နိုင်ငံပေါင်းက ၄၁ နိုင်ငံ ရှိတယ်လို့ ဆိုပါတယ်။ အရှေ့တောင် အာရှ အာဆီယံ နိုင်ငံတွေထဲက စင်ကာပူနဲ့ မလေးရှား နှစ်နိုင်ငံက အမေရိကန်၊ ဂျပန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယန်၊ နော်ဝေ၊ အီတလီ၊ နယ်သာလန် နိုင်ငံတွေနဲ့ အတူ အဆင့် ၄ နေရာမှာ ချိတ်ပြီး မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အဆင့် ၅၇ မှာ ရှိပါတယ်။

ဒီ ဝက်ဘ်ဆိုဒ်မှာ ဗီဇာလျှောက်စရာမလို သို့မဟုတ် ဆိုက်ရောက်ဗီဇာ သို့မဟုတ် အွန်လိုင်း ဗီဇာ က တဆင့် ပြည်ဝင်ခွင့် နိုင်ငံအများဆုံး ပေးတဲ့ စာရင်းကိုလည်း ဖော်ပြထားရာ အရှေ့အာဖရိကရှိ ကုန်တွင်းပိတ်နိုင်ငံ ဘရွန်ဒီက နိုင်ငံပေါင်း ၁၉၈ နိုင်ငံနဲ့ အများဆုံး လက်ခံထားပြီး အဆင့် ၁ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံကတော့ နိုင်ငံ ၇ နိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ လက်ခံထားပြီး အဆင့် ၁၀၀ မှာ ရှိပါတယ်။

Credit :   BBC Burmese



Follow us on