1. Home
  2. Myanmar News

တာမွေမြို့နယ် အင်းဝလမ်းရှိ သွားဆေးခန်း တစ်ခုတွင် ပုပ်ပွ သေဆုံးနေသည့်

Myanmar News ม.ค. 06, 2560 view 1,573

တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် နေအိမ်တစ်အိမ်ရှိ သွားဆေးခန်းတစ်ခုတွင် ပုပ်ပွသေဆုံးနေသည့် သွားဆရာဝန်တစ်ဦး၏ အလောင်းကို ဇန်န၀ါရီ ၅ ရက် ညပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီ ၅ ရက် ည ၈ နာရီခန့်တွင် တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အင်းဝလမ်းရှိ သွားဆေးခန်းမှ ဆရာဝန်တစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့သွားရောက်စစ်ဆေးရာ သေဆုံးသူ သွားဆရာဝန်မှာ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ကိုရဲကျော်သူဖြစ်ပြီး ၎င်းမှာ အဆိုပါလမ်းထဲတွင် ကိုယ်ပိုင်သွားဆေးခန်း ဖွင့်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“အဲဒီဆရာဝန်လေးက သူ့အဖေနဲ့ အမေနဲ့ အတူတူနေတာ။ သူ့ကို ဇန်န၀ါရီ ၂ ရက်ကတည်းက အဆက်အသွယ် မရတာကြောင့် သူထိုင်တဲ့ဆေးခန်းကို သူ့ချစ်သူက လာရှာတော့ ဆေးခန်းက သော့ခတ်ထား တယ်။ သော့ခတ်ထားတာတွေ့တော့ အဲဒီ မိန်းကလေးနဲ့ ရပ်ကွက်ကလူတွေနဲ့ သော့ဖျက်ပြီး ၀င်ကြည့်တယ်။ အဲဒီအချိန်မှာ သွားဆရာဝန်ကို သူ့အိပ်ခန်းထဲမှာ ပက်လက်လန်ပြီး ပုပ်ပွ သေဆုံးနေတာကို တွေ့ရတာပါ” ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ယင်းသို့သေဆုံးခဲ့သည့် သွားဆရာဝန်မှာ အသက် ၂၅ နှစ်ကျော်ရှိပြီဖြစ်ပြီး အဆိုပါ ဆေးခန်း ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း ပတ်ဝန်းကျင်နေသူများထံမှ သိရသည်။သေဆုံးနေသည့် အလောင်းအနီးတွင် လက်ကိုင်ဖုန်း အားသွင်းကြိုး၊ နားကြပ်တစ်စုံ၊ ဆေးလိပ်တစ်ဘူးနှင့် အခြားပစ္စည်းများ တွေ့ရှိကြောင်း သိရသည်။ ပုပ်ပွ သေဆုံးနေသည့် ဆရာဝန်အလောင်းအား ၎င်း၏ နေအိမ်အိပ်ခန်းအတွင်းတွင် ပက်လက်အနေအထားဖြင့် တွေ့ရှိခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “လောလောဆယ်တော့ သေမှုသေခင်းနဲ့ပဲအမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်မှာပါ။ တခြားစစ်ဆေးစရာရှိတာတော့ စစ်ဆေးမှာပါ” ဟု တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Credit : news-eleven



Follow us on