ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော မ.ထ.သ(ဗဟို) လက်အောက်ရှိ မော်တော်ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၆ ရက်နေ့က ကျင်းပပြုလုပ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်နေ့ညထိ မ.ထ.သ လက်အောက်ရှိ ယာဉ်လိုင်းများကို နောက်ဆုံးပြေးဆွဲခွင့်ပြုပြီး ၁၆ ရက်နေ့ နံနက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ပေးမည့် ဘတ်စ်ကားလိုင်း (၅၈) လိုင်းနှင့် အစားထိုး ပြေးဆွဲမည်ဖြစ်သည်။
အသစ်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်း (၅၈)လိုင်း၏ လမ်းကြောင်း၊ မှတ်တိုင်များ အစရှိသည့် အချက်လက်များပါဝင်သည့် လက်ကမ်းစာစောင်များကို ဝေမျှသွားမည်ဖြစ်သကဲ့သို့ သတင်းမီဒီယာနှင့် အင်တာနက်စာမျက်နှာများပေါ်တွင်ပါ အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Source:ကုမုန္ဒြာ