
ယာဉ်ထိန်းရဲတပ်ဖွဲ့သုံး ဆိုင်ကယ်အစီး တစ်ရာကျော်ဖြင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းသည့် နေရာများတွင် ယာဉ်ကြောရှင်းလင်းမည်ဟု ဇန်န၀ါရီ ၇ ရက်တွင် စုံစမ်းသိရှိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့သုံး ဆိုင်ကယ်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန (က.ည.န) တွင် မှတ်ပုံတင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်ကယ်များကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ် ၂၉ မြို့နယ်အား တစ်မြို့နယ်တွင် သုံးစီးစီ ခွဲဝေပေးမည်ဖြစ်ပြီး မြို့နယ် ၁၂ မြို့နယ်ရှိ ယာဉ်မှုစစ်များကို ဆိုင်ကယ် ၁၂ စီး၊ တာဝန်မှူးဖြစ်သူအတွက် တစ်စီးနှင့် အရန်ငါးစီး စုစုပေါင်းအစီး ၁၀၅ စီးကို ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ယာဉ်ကြောရှင်းလင်းရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်များကို ဖမ်းဆီးမှုများ ပြုလုပ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့သုံး ဆိုင်ကယ် ၂၂၀ စီး ၀ယ်ယူရန် မူလက တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ကနဦး အသုံးပြုရန်အတွက် ဆိုင်ကယ်အစီး ၁၀၀ ကျော် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်အစီး ၁၀၀ ကျော်ဖြင့် ယာဉ်ကြောရှင်းလင်းရေးများ ပြုလုပ်သွားမည့်အပြင် ယာဉ်ကြောကျပ်တည်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း စသည့် လမ်းများတွင် ယာဉ်ကြောရှင်းလင်းရေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အသုံးပြုမည့် ဆိုင်ကယ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူကာ ၀ယ်ယူပေးခြင်း ဖြစ်သည်။
Credit : news-eleven
photo : news-eleven
comment