ဇန်နဝါရီ ၉ ရက်နေ့က ကသာမြို့နယ်၊ မာဂရီကျေးရွာတွင် နေထိုင်သူ မချောချောစု (၂၀ နှစ်)အား ဇနီးအဖြစ်လက်ထပ်ပေါင်းသင်းရန် ငွေကျပ် သိန်း ၅၀ ဖြင့် မိဘများထံ လာရောက်တောင်းရမ်းခဲ့သော ကိုရီးယားနိုင်ငံသားတစ်ဦးကို လူဝင်မှုကြီးကြပ်ရေး(လ.ဝက)သို့ ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မချောချောစုတို့သည် ရန်ကုန်မြို့ ဓမ္မစေတီလမ်းရှိ အလှပြင်ဆိုင် တစ်ဆိုင်တွင် အလုပ်လြပ်ကိုင်နေစဉ် အသက် (၃၁ နှစ်)အရွယ် ကိုရီးယားနိုင်ငံသား Mr.Cho Han Kweon နှင့်တွေ့ဆုံကာ ချစ်ကြိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ မချောချောစု၏ မိခင်ဖြစ်သူက နိုင်ငံခြားသားနှင့် ကြိုက်နေသည်ကို သဘောမတူသော်လည်း သမီး၏ဆန္ဒအရ ခွင့်ပြုထားခဲ့ရသည်။ မချောချောစုမှာ ကသာမြို့နယ်၊ မာဂရီကျေးရွာမှ ဦးဘိုဝင်းနှင့် ဒေါ်ခင်စန်းဝေတို့၏ စတုတ္ထမြောက်သမီးဖြစ်ကြောင်း သိရှိရသည်။
ကိုရီးယားနိုင်ငံသားနှင့် ချစ်ကြိုက်နေသည်ဆိုသော မချောချောစုသည် ကိုရီးယားစကား လုံးဝ ပြောတတ်ခြင်းမရှိပဲ သူမ၏ အလုပ်ရှင်ဖြစ်သူ အလှပြင်ဆိုင်ပိုင်ရှင် မအိအိထွေး ဆိုသူက ကြားကနေ ဘာသာပြန်ပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။ မအိအိထွေးသည် ဗန်းမော်မြို့ ဇာတ်ဖြစ်ပြီး ၎င်းကိုယ်တိုင် ကိုရီးယားတစ်ဦးနှင့် အိမ်ထောင်ပြုထားသည်မှာ ၉ နှစ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရှိရသည်။
မချောချောစုအား လာရောက်တောင်းရမ်းရာတွင် မအိအိထွေးနှင့်အတူ သူမ၏ခင်ပွန်းဆိုသူ Lee Hyunh Junh တို့အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ကျောက်ထုံးကြီး ရဲစခန်းအပိုင်တွင် တည်ရှိသော မာဂရီကျေးရွာသည် နိုင်ငံခြားသားများ ညအိပ်ရန်ခွင့်မပြုထားသော နယ်မြေဖြစ်သည့်အတွက် ရဲစခန်းမှ ကိုရီးယားလူမျိုးများအား လ.ဝ.က သို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Source:AyeLwin(FB)