ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်အသစ်ပြေးဆွဲမည့် ဘတ်စ်ကားစနစ်တွင် ပါဝင်ခွင့်မရရှိတော့သည့် ဘီအမ်၊ ဒိုင်နာနှင့် ၉၅ မော်ဒယ်အောက် စီးတီးဘတ်စ်များအား နောက်ထပ်အချိန် (၃ လ) တိုးမြှ၍့်သတ်မှတ်ကာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘတ်စ်ကားစနစ်အသစ်တွင် ပါဝင်ပြေးဆွဲခွင့်မရတော့သော မော်တော်ယာဉ်များ၏ ယာဉ်လုပ်သားများ စားဝတ်နေရေးအခက်အခဲ မရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြေးဆွဲခွင့်ကို အချိန်(၃)လ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီး လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဇန်နဝါရီ ၁၁ ရက်နေ့က တ/ဥက္ကလာပမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် ကျင်းပသော ယာဉ်လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါမော်တော်ယာဉ်များကို ဆက်လက်ပြေးဆွဲခွင့်ပြုသည်ဆိုရာ၌ ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏အုပ်ချုပ်မှုအောက်တွင်သာ လုပ်ကိုင်ရမည်ဖြစ်ပြီး ယခုပြေးဆွဲနေသည့် လမ်းကြောင်းများမဟုတ်ပဲ အဖွဲ့အစည်းမှ သတ်မှတ်ပေးမည့် သီးခြားလမ်းကြောင်းများတွင်သာ ပြေးဆွဲရမည်ဖြစ်သည်။
အချိန် (၃)လ ဆက်လက်ပြေးဆွဲခွင့်ရသည့် မော်တော်ယာဉ်များ၏ ယာဉ်ပိုင်ရှင်များအနေနှင့် တိုးမြှင့်သတ်မှတ်ပေးထားသော အချိန် (၃)လ အတွင်း မော်တော်ယာဉ်ကို အသစ်လဲလှယ်ပါမည်ဟူသော ကတိပြုနှင့် ဆက်လက်ပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှရသည်။
ပြေးဆွဲခွင့်ပြုမည့် လမ်းကြောင်းများကို မကြာမီ အသိပေးကြေညာသွားမည်ဖြစ်ပြီး ယာဉ်စီးခများကို ခရီးအကွာအဝေးပေါ်မူတည်၍ ၁၀၀၊ ၂၀၀၊ ၃၀၀ ကျပ်သာ ကောက်ခံပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။