
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် City Center အတွင်းရှိ ဂိမ်းဆိုင်အား ဇန်န၀ါရီ ၁၁ ရက် ည ၇ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ City Center တတိယထပ်ရှိ အကြွေစေ့ဖြင့် ဂိမ်းကစားမှုပြုလုပ်နိုင်သည့် ဂိမ်းစက်များဖြင့် လောင်းကစားများ ပြုလုပ်လျက်ရှိနေမှုကြောင့် ရဲတပ်ဖွဲ့က ယင်းကဲ့သို့ ၀င်ရောက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရသည်။
ထိုသို့ ဖမ်းဆီးမှုကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များအပြင်၊ ခရိုင်၊ တိုင်းရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဂိမ်းဆိုင်မန်နေဂျာ၊ ၀န်ထမ်းများနှင့်အတူ လာရောက် ဆော့ကစားနေသူများကို ပန်းဘဲတန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းဘဲတန်းမြို့မရဲစခန်းအရှေ့တွင် ဇန်န၀ါရီ ၁၁ ရက် ညပိုင်းက ရဲစခန်း၌ ထိန်းသိမ်းခံထားရသူတို့၏ မိသားစုဝင်များက လာရောက်စောင့်ဆိုင်းမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
အခင်းဖြစ် ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက City Center ရှိ ဂိမ်းဆိုင်အတွင်းရှိ အ ကြွေစေ့များ၊ စက်ပစ္စည်းများ၊ ပိုက်ဆံရေတွက်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လာရောက် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး စခန်း၌ ထိန်းသိမ်းခံထားရသည့် လူဦးရေ အရေအတွက်မှာ ဆိုင်ဝန်ထမ်းများနှင့် လာရောက်ဆော့ကစားသူများ အပါအ၀င် စုစုပေါင်း ၆၀ ကျော်အထိ ရှိနိုင်ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
Credit : news-eleven
photo ; news-eleven
comment