ရန်ကုန်မြို့၏ ခရီးသည်တင် ယာဉ်လိုင်းဘတ်စ် စနစ်အသစ်ကို ဇန်နဝါရီ ၁၆ (ယနေ့)တွင် အသစ်စတင်လိုက်သည်။ စတင်လိုက်သည့် နေ့ရာမှာပင် ဘတ်စ်ကားများ လုံလောက်မှု မရှိသည့်အတွက် မြို့နယ်များအသီးသီးရှိ ကားမှတ်တိုင်များတွင် ခရီးသည်များ ပုံနေခဲ့ပြီး၊ ပြေးဆွဲနေသော YBS ဘတ်စ်ကားများ အားလုံးလိုလိုတွင် ခရီးသည်များ ပြည့်ကြပ်နေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
တောင်ဒဂုံမြို့နယ်တွင် နံပါတ်(၇) ယာဉ်လိုင်းတစ်ခုတည်းသာ ပြေဆွဲခဲ့သဖြင့် အလုပ်သွားကြမည့် ဝနိထမ်းများနှင့် ခရီးသည်များ ကာမှတ်တိုင်များတွင် စုပြုံနေခဲ့ကြသည့်အတွက် ဘီအမ်ယာဉ်များက ကူညီကာ သင်္ဃန်ကျွန်း စံပြဈေးအထိ အခမဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ မြရတနာ မှန်လုံအဝေးပြေကား စီစဉ်ကာ ခရီးသွားပြည်သူများအား ရန်ကုန်မြို့ထဲအနီးဝန်ကျင်ထိ သယ်ယူပို့ဆောင်ပေးလျှက်ရှိသည်။
ကမ္ဘောဇဘဏ်မှလည်း သူ၏ဘဏ်ဝန်ထမ်းများအတွက် ကြိုပို့ယာဉ်များ နေရာအတော်များများတွင် ကားအစီးရေ ခါတိုင်းထက် ပိုမိုကာ စီစဉ်ထားရှိသကဲ့သို့ ပုံမှန်အားဖြင့် ဖယ်ရီမထောက်ပံ့သော ကုမ္ပဏီအချို့မှလည်း ကြိုပို့ယာဉ်များကို ထူးထူးခြားခြား စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ပြောင်းလဲသော ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်း စနစ်သစ် ပြောင်းလဲကာစတွင် ပါဝင်ကူညီသည့်အနေနှင့် ကုမ္ပဏီနှင့် အစိုးရရုံးများ၏ ဝန်ထမ်းများ အလုပ်ခွင်ဝင်ရောက်ခြင်း နောက်ကျမှုကို ခွင်ပြုရန် ထုတ်ပြန်ကြေငြာထားပြီးဖြစ်သည်။
သန်လျင်အခြေစိုက်နှင့် ရန်ကုန်မြို့ပြင်သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်များမှအပ မြို့တွင်းယာဉ်စီးခများကို ၂၀၀ ကျပ်ထက် ပိုမို၍မကောက်ခံရန် ညွှန်ကြားထားပြီးဖြစ်ပြီး အဆိုပါ အစီအစဉ်ကို ၃ လ စမ်းသပ်မည်ဖြစ်ကြောင်း အများပိုင်ဘတ်စ်ကားပိုင်ရှင်များအား ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားချက်ပေးထားပြီး ဖြစ်ကြောင်း သိရှိရသည်။
မော်တော်ယာဉ်စနစ်အသစ်အရ မြို့နယ်အသီးသီးမှ လာကြသော ခရီးသည်များအနေနှင့် ၂၀၀ ကျပ်နှင့် စီးနင်းလာခဲ့ပြီးနောက် ရန်ကုန်မြို့လည်အတွင်း ဝင်ရောက်မည့် ဘတ်စ်များကို ပြောင်းလဲ စီးနင်းရာတွင် ယာဉ်စီးခ ၁၀၀ ကျပ်ဖြစ်ပါက ယခင်သွားနေကျအတိုင်း ၃၀၀ ကျပ် ကုန်ကျမည်ဖြစ်သော်လည်း ကားနှစ်ဆင့် ပြောင်းစီးရမည့်အလုပ် ပိုလာမည်ဖြစ်သည်။ အကယ်၍ မြို့တွင်းယာဉ်စီးခကို ၂၀၀ ကျပ် ကောက်ခံပါက ၄၀၀ ကျပ်ဖြစ်သွားကာ ၁၀၀ ကျပ်ပိုမိုကုန်ကျမည် ဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင် ကိုတရုပ်လေးက ပြောကြားခဲ့သည်။
မထသ စနစ်ဖျက်သိမ်းပြီး စည်းကမ်းမဲ့ မောင်းနှင်သော ဘတ်စ်ကားများကို ယနေ့တွင် လမ်းမများပေါ်၌ မတွေ့ရှိရသကဲ့သို့ YBS ဘတ်စ်များကို အလွန်ပင်ကျဲပါးစွာ တွေ့မြင်ခဲ့ရသည်။ ယာဉ်လမ်းကြော ပိတ်ဆို့မှု အထိုက်လျှောက် နည်းပါးသွားသော်လည်း မှတ်တိုင်များတွင် ဘတ်စ်ကားအလာကို စောင့်မျှော်နေကြသည့် ခရီးသွားပြည်သူများ ပုံနေသည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရကြောင်း ပိုပိုလေးအဖွဲ့သားများက ယနေ့နံနက် အခြေအနေကို တင်ဆက်လိုက်ရပါသည်။
Photo:TheVoice