1. Home
  2. Myanmar News

YBS စတင်ပြေးဆွဲသည့်နေ့တွင် ခရီးသည်များ အဆင်မပြေမှုဖြင့် ကြုံတွေ့နေရ

Myanmar News ม.ค. 16, 2560 view 1,441

YBS ကားများဖြင့် ယနေ့(ဇန်နဝါရီ ၁၆ ရက်)တွင် စတင်ပြေးဆွဲရာ၌ ပြေးဆွဲသော ကားအစီးအရေအတွက် နည်းပါးခြင်းကြောင့် ခရီးသည်များ အဆင်မပြေဖြစ်နေရကြောင်း သတင်းရရှိသည်။ သက်ဆိုင်ရာဂိတ်များမှ ၅ မိနစ် တစ်စီးနှုန်း ထွက်ပေးနေမည်ဟု ဆိုထားသော်လည်း ထွက်သည့် ကားအစီးရေ နည်းပါးသည့်အတွက် ခရီးသည်များအနေဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း ခရီးသည်များက ပြောကြားသည်။

"ကျွန်မ သန်လျင်ကနေ မြို့ထဲရောက်တော့ မြိုးထဲ ခရုပတ်လမ်းပြေးဆွဲတဲ့ ဘတ်စ်က နည်းတယ်။ မနက် ၇ နာရီကတည်းက စောင့်နေတာ။ ရုံးချိန်နီးသည်အထိ ကားမရသေးဘူး။ လာတဲ့ ဘတ်စ်တွေကလည်း ပြည့်နေတယ်။ ရုံးမှာ အထက်ကိုတင်ပြပြီး ဖယ်ရီးပေးဖို့ ပြောရမှာပေါ့" ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

လှိုင်သာယာ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးက "ကျွန်မတို့ သူငယ်ချင်းတွေ ကျောင်းသွားဖို့ စောင့်နေတာ နာရီဝက်လောက် ရှိပြီ။ မြို့ထဲကနေ လှိုင်သာယာ နည်းပညာတက္ကသိုလ်ကို တိုက်ရိုက်ရောက်တယ်။ အရင်ကတော့ မထသ ၃၉ နဲ့ သွားနေကျ။ အဲ့ဒီတုန်းက ကားအစီးရေ ပေါတယ်" ဟု ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က အတွင်းရေးမှူး ဦးသန်းနိုင်က

"ကျွန်တော်တို့ ပထမဦးဆုံး အခက်အခဲတွေ ရှိနေတယ်။ အဲ့ဒါတွေကို ဖြေရှင်းမှာပါ။ အစည်းအဝေးထိုင်ပြီး။ အခုနည်းရတဲ့အကြောင်းအရင်း ဖြစ်နေပါတယ်။ကျွန်တော်တို့ စီစဉ်ထားတဲ့ ၃မိနစ် ၅ မိနစ်ကနေ တချိုဆို နာရီဝက်ကနေ နာရီဝက်ကျော်ကျော်အထိ ကားတစ်စီးလာတဲ့ အဖြစ်အပျက်ရှိတယ်။ ညနေပိုင်းကိုမီအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ယာဉ်အစီးရေ နည်းပါးခြင်းကြောင့် စောင့်ဆိုင်းနေရသည့် ခရီးသည်များကို လူမှုရေးအသင်းများနှင့် ကိုယ်ပိုင်ကားအချို့မှ အခမဲ့အစီအစဉ်ဖြင့် လိုက်လံပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

Credit : news-eleven



Follow us on