1. Home
  2. Myanmar News

အခြေခံလူတန်းစားတွေထံက ငွေတွေယူနေတဲ့ ကံစမ်းမဲများ

Myanmar News ม.ค. 26, 2560 view 1,583

လူသုံးကုန်ပစ္စည်းမျိုးစုံကို  ချိတ်ဆွဲပြီး  သစ်ပင်မှာ ထောင်ထားတဲ့ သုံးထပ်သားပြားအနီးမှာ လူတစ်စု ဝိုင်းဖွဲ့ပြီးထိုင်နေကြတယ်။သူတို့ရဲ့ ရှေ့က မြေ ပြင်ပေါ်မှာ ရောင်စုံစက္ကူခေါက်လေးတွေကို ပင်အပ်နဲ့ သုံးထပ်သားမှာ ညှပ်ထားပါ တယ်။ အမျိုးသမီးတစ်ဦးက ရောင်စုံစက္ကူ ခေါက် လေးခုခန့်ကို ဆက်တိုက်ဆိုသလို  ဖြုတ်လိုက်တယ်။ စက္ကူခေါက်လေးတွေကို ဖဲချပ်တွေ လှန်ကြည့်သလို တဖြည်းဖြည်းချင်း ဖွင့်ကြည့်တယ်။ စက္ကူခေါက်လေးတွေထဲက ရေးထားတဲ့ ဂဏန်းတွေနဲ့ လူသုံးကုန်ပစ္စည်းမှာ ချိတ်ထားတဲ့ ဂဏန်းကို တိုက်ဆိုင်ကြည့်တယ်။

“၂၀၁၂  တဲ့ ၂၂၁၂ ဆိုရင် ပေါက်ပြီ၊  နေဦး ထပ်နှိုက်ဦးမယ်” ဆိုပြီး မချင့်မရဲ အသံနဲ့ ဆက်ပြီး ရောင်စုံစက္ကူလေးတွေ  ထပ်ဖြုတ်လိုက်တယ်၊  အချိန်ခဏအတွင်းမှာပဲ ငွေကျပ် ၃၀ဝ၀  ဖိုးခန့်  ကုန်သွားတယ်၊ လူသုံး ကုန်တွေမှာ ကပ်ထားတဲ့  နံပါတ်တွေနဲ့ ရောင်စုံစက္ကူ လေးတွေထဲက နံပါတ်တော့ ကိုက်ညီမှု  မရှိခဲ့သေးပါဘူး။ အခုမြင်တွေ့နေရတာက မန္တလေးမြို့ ရဲ့ အခြေခံလူတန်းစားတွေ နေထိုင်မှု  များပြားတဲ့ ရပ်ကွက်တွေမှာ ခုရက်ပိုင်း တွေ့ မြင်လာရတဲ့  ကံစမ်းမဲနှိုက်တဲ့ မြင်ကွင်းတွေပဲ   ဖြစ်ပါတယ်။ ကံစမ်းမဲ တစ်ခုကို ငွေကျပ် ၅၀ ပေးရတယ်။  မနက်   ၈းဝ၀ နာရီကနေ ည ၁၀းဝ၀ နာရီအထိ ဖွင့်လှစ်ရောင်းချကြတယ်။

“ပေါက်တဲ့သူလဲ ပေါက်တယ်၊  မပေါက်တဲ့သူလဲ  ၂၀ဝ၀၊ ၃၀ဝ၀  တော့ပါသွားတာပေါ့”လို့ ဝင်ရောက်ကံစမ်းခဲ့တဲ့  သင်ပန်းကုန်း  ရပ်ကွက်ထဲက မဈေးက ပြောပါတယ်။ ကံစမ်းကြတယ် အမျိုးသမီး၊အမျိုးသား အရွယ်စုံက ကံစမ်းကြတယ်။ စတီးချိုင့်၊ ထမင်းဘူး၊  လျှပ်စစ်ဟင်းအိုး၊ ရေမြုပ်မွေ့ရာ၊ ခေါက်ဆွဲခြောက်ထုပ်၊ ဆပ်ပြာမှုန့်၊  အချိုရည်ဘူး၊  ကော်ခွက်၊ အချိုရည်ခွက်အစုံ၊ ကျောပိုး အိတ်၊ ဖတ်လုံး၊ ဟင်းခတ်မှုန့်၊ စပီကာ စတဲ့ လူသုံးကုန်ပစ္စည်းတွေကို ကံစမ်းကြတယ်။ ကံစမ်းတဲ့ ကတ်တစ်ခုမှာ မဲအရေအတွက် ၂၀ဝ၀  ပါတယ်။ ပေါက်မဲက ၄၀ သာပါဝင်တယ်။  အခုလို ကံစမ်းမဲ ရောင်းချတဲ့သူတွေက ကော်မရှင်စားနဲ့ ရောင်းချကြတာ ဖြစ်တယ်။ ငွေကျပ် ၆၀,ဝ၀ဝ ဖိုး ရောင်းကုန်ရင် ငွေကျပ်  ၅၀ဝ၀ ကော်မရှင်ရမှာ ဖြစ်တယ်။

“ကံစမ်းမဲ စက္ကူလေးတွေကသေးတော့ တစ်ခါတလေ ပိုပိုဖြုတ်သွားကြတာ ရှိတယ်၊ မသိရင်တော့ခံရတာပေါ့၊  အခုတော့ ၂၀ဝ၀၊ ၃၀ဝ၀ ဖိုးလောက် ပါပါ သွားတာ”လို့ ကံစမ်းမဲရောင်းချနေတဲ့ မသီတာအေး က ပြောပါတယ်။ ကော်မရှင်စားနဲ့ ကံစမ်းမဲ ရောင်းချကြတဲ့ သူတွေကို လိုက်လံပို့ပေးနေတဲ့ ဒိုင် ရှိ တယ်။ ကော်မရှင်စားဆိုရင် ငွေကြိုပေးစရာမလိုဘဲ အိမ်မှာပဲယူရောင်းချရ တယ်။  ညပိုင်းဆိုရင် ဒိုင်တွေက ငွေကြေးတွေကို လိုက်လံ သိမ်းတယ်။ ကျွန်တော်တို့ဆို ည ၁၁းဝ၀ နာရီ လောက်မှ အိပ်ရတယ်၊ လက်ငင်းဆိုရင် ကတ်တစ် ကတ်ကို ငွေကျပ် ၈၀,ဝ၀ဝ  နဲ့ အပြတ်ယူရတယ်”လို့ ကံစမ်းမဲဒိုင်အဖြစ် လုပ်ကိုင်နေသူ တစ်ဦးက ဆိုပါတယ်။ သည်လို ကံစမ်းကြတာဟာ လက်လုပ်လက်စား  အခြေခံလူတန်းစားတွေ ကံစမ်းကြတာများပါတယ်။မဲအရေအတွက် ၂၀ဝ၀ ခန့်မှာ ပေါက်မဲက ၄၀ ခန့်သာ ပါဝင်တဲ့အတွက် သည်ကံစမ်းမဲဟာ အခြေခံ  လူ တန်းစားတွေရဲ့  ဝင်ငွေကို တစ်ဖက်လှည့်နဲ့ ယူနေတယ်လို့   မြင်ကြောင်း (င) ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “လူကြီး၊လူငယ်၊ကလေးက အစ  မဲနှိုက်နေကြတယ်၊ ဒါဟာ လောင်းကစား အားပေးသလို ဖြစ် နေတယ်”လို့  (င) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ဆိုပါတယ်။

ရပ်ကွက်အတွင်းမှာ  တစ်နေ့လုပ် တစ်နေ့စား အခြေခံ လူတန်းစားတွေဟာ ငွေကျပ်  ၅၀ လောက်နဲ့ လူသုံးကုန်  ပစ္စည်းတွေရနိုင်တယ်ဆိုတဲ့ အတွေးနဲ့ အခုလို ကံစမ်းကြတာ ဖြစ်တယ်။ အချို့ မဲပေါက်သူတွေကလည်း  သူတို့ ပေါက်တာတွေကို ပြန် လည်ရောင်းချကြတယ်။ “ဟင်းချက်တဲ့ ဒယ်အိုးအစိမ်းကြီး တစ်ခါပေါက်ဖူးတယ်၊ ကိုယ်အိမ်မှာလဲ လျှပ်စစ်မီးနဲ့ မချက်တော့ ပြန်ရောင်းလိုက်တာ၊ ကျပ် ၁၇,ဝ၀ဝ  ရတယ်”လို့  မဈေးကဆိုပါတယ်။ မဈေးကပဲ ဆက်ပြီး  “ပေါက်ရင်တော့ မဆိုးပါဘူး၊  မပေါက်ရင်တော့ ၂၀ဝ၀၊ ၃၀ဝ၀ အဝတ်လျှော်ခထဲက ပါသွားတာလဲရှိပေါ့ ”လို့ ပြောပါတယ်။ မဈေးဟာအဝတ်လျှော်ခ တစ်လကို ငွေကျပ် ၆၀,ဝ၀ဝ ခန့်သာရရှိတယ်လို့  ဆိုပါတယ်။  တစ်နေ့ကို ငွေကျပ် ၂၀ဝ၀  နှုန်းသာ ရရှိတယ်။ သည်ငွေက  ကံစမ်းတဲ့ အထဲပါ တော့  အလုပ်ရှင်ဆီက ကြိုသုံးထုတ်ရတာ လည်း ရှိတယ်။ “အခုတော့ မဲက မနှိုက်ရ မနေနိုင် အောင်ကို ဖြစ်နေတာ၊ နေတိုင်း  ကံစမ်းဖြစ်တယ်”လို့ မဈေးက ပြောပါတယ်။

ကော်မရှင်နဲ့ ကံစမ်းမဲရောင်းချသူတွေအတွက် လူသုံးကုန်ပစ္စည်းအကြီးတွေ အရင်ဆုံး ပေါက်သွားတယ်ဆိုရင် ဒိုင်တွေက နောက်ထပ်မဲအသစ်နှစ်ခု ထပ်ဖြည့်ပေး တယ်လို့  သိရပါတယ်။ သည်ကံစမ်းမဲ ရောင်းချတာတွေဟာ  လောင်းကစားအားပေးမှု ဖြစ်နေသလို၊  ရေရှည်မှာ အမှုအခင်းတွေလည်း ဖြစ်ပွားနိုင်တယ်လို့  သုံးသပ်ကြပါတယ်။ “တချို့ကလဲ လိုချင်ဇောနဲ့ နှိုက်တယ်၊ ငွေကုန်တော့၊ အလစ်သုတ်တာတွေ၊ ခိုးတာတွေ ဖြစ်လာနိုင်တယ်၊  အခု ဒီကံစမ်းမဲတွေနဲ့ ပတ်သက်လို့ လေ့လာနေတယ်၊   အစည်းအဝေးမှာ တင်ပြဖို့ စဉ်းစားထား တယ်”လို့  ဦးခင်မောင် ဝင်း က ဆိုပါတယ်။ ဘယ်လိုပင်ဆိုဆို  မဈေးတို့လို အခြေခံလူတန်းစားတွေကတော့  လုပ်ငန်းခွင်အပြန် ထမင်းချိုင့်ကို အိမ်ပြန်ထားပြီးတာနဲ့ ကံစမ်းဖို့ ရောက်လာတတ်ကြပါတယ်။  ကိုယ်တိုင်ဝင်ရောက် ကံစမ်းသလို သူများကံစမ်းတာကိုလည်း ကြည့်ရှုရင်းနဲ့  အချိန်တွေ ကုန် သွားပါတော့တယ်။

Credit : kumudranews



Follow us on