1. Home
  2. Myanmar News

အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည့် ဆောက်လုပ်ရေးစီမံကိန်းကြီး MIC ခွင့်ပြုမိန့်ရရှိ

Myanmar News ม.ค. 30, 2560 view 1,443

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်း နေရာတွင် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည့် ကြယ်ငါးပွင့်အဆင့်ရှိ Peninsula ဟိုတယ်နှင့် Landmark Development တည်ဆောက်ရေးစီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့်ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ Landmark Development စီမံကိန်းများအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ (၁/၂၀၁၇)ဖြင့် ဇန်န၀ါရီ ၁၃ ရက်က ခွင့်ပြုမိန့်ရရှိပြီးကြောင်းနှင့် လာမည့်ဖေဖော်ဝါရီလလယ်တွင် စီမံကိန်းစတင်ခြင်း အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း First Myanmar Investment (FMI) မှ တာဝန်ရှိသူတဦးက ပြောသည်။

''ဇန်န၀ါရီ ၁၃ ရက်မှာ MIC ဆီကနေ ပါမစ်ရသွားပါပြီ။ ဖေဖော်ဝါရီ လလယ်လောက်မှာတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားလုပ်မှာ။ ရက်ကတော့ အတိအကျမပြောနိုင်သေးဘူး။ အဲဒီအခမ်းအနားမှာ FMI နဲ့ Yoma Strategic က အစုရှယ်ယာဝင်တွေတက်မယ်ပေါ့။ တည်ဆောက်ပိုင်းကတော့ စနေပါပြီ။ ဆက်လက် ဆောင်ရွက်မယ့်အစီအစဉ်အသေးစိတ်တွေကိုတော့ ဖေဖော်ဝါရီလလယ်မှာ သတင်းထုတ်ပြန်သွားမယ်''ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Landmark Development သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ၁၉၉၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်သော ကနဦးအငှားစာချုပ်သက်တမ်း နှစ် ၅၀ အား သက်တမ်းတိုးထားသည့် ပင်မအငှားစာချုပ် သက်တမ်းများအရ စီမံကိန်းမြေနေရာ နှစ်ခုအပေါ်တွင် တည်ရှိကြောင်း၊ အဆိုပါ ကနဦးအငှားစာချုပ် နောက်ပိုင်း ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် Landmark Development စီမံကိန်းအတွက် အငှားစာချုပ်သစ်နှစ်ခုကို မြန်မာ့မီးရထားမှတဆင့် လက်မှတ်ရေးထိုးခဲ့ရာ ၎င်းတို့မှာ သက်တမ်းတိုးကာလ နှစ် ၅၀ စီရှိသည့် အဆင့်မြင့် ဘက်စုံအိမ်ရာတည်ဆောက်ရေးအတွက် မြေငှား စာချုပ်တခုနှင့် Peninsula ရန်ကုန်ဟိုတယ် ပြုပြင်မွမ်းမံတည်ဆောက်ရေးအတွက် အငှားစာချုပ်တခုတို့ ဖြစ်ကြောင်း FMI ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစီမံကိန်းကို FMI မှ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic Holdings မှ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းမှ ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation (IFC) မှ ၅ ရာခိုင်နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ ၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI မှ ၆ ရာခိုင်နှုန်း၊ Yoma Strategic မှ ၂၄ ရာခိုင်နှုန်း၊ Hongkong and Shanghai Hotels Limited မှ ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ Landmark Development စီမံကိန်းသည် Peninsula အမှတ်တံဆိတ် အဆင့်မြင့်ဇိမ်ခံလူနေအိမ်များ၊ ရုံး အဆောက်အဦတာဝါနှစ်လုံး၊ စီးပွားရေးလုပ်ငန်းဟိုတယ်တလုံး၊ ၀န်ဆောင်မှုပါရှိသော လူနေအိမ်ခန်းများ ပါဝင်သည့် စုပေါင်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းဖြစ်ပြီး ယင်းအဆောက်အဦများကို ဈေးဝယ်စင်တာများ ဖြင့် ချိတ်ဆက်ထားမည်ဖြစ်ကြောင်းနှင့် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကိုလည်း Yangon Peninsula Hotel အဖြစ် ရှေးမူမပျက်ပြုပြင်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Landmark Development တည်ဆောက်ရေးစီမံကိန်း၏ ခန့်မှန်းကြမ်းပြင်ဧရိယာမှာ စုစုပေါင်းစတုရန်းပေ ၂ ဒသမ ၄၄ သန်းခန့်ရှိပြီး ၁၀ ဧကအကျယ် အ၀န်းပေါ်တွင် စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်သည်။ ၉ ဒသမ ၅ ဧကအကျယ်အ၀န်းကို ဟိုတယ်အတွက်နှင့် ကျန်သည့်အပိုင်းများကို စီးပွားရေးလုပ်ငန်းများအတွက် ဟူ၍ လျာထားပြီး စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit : NewsWatchJournal



Follow us on