1. Home
  2. Myanmar News

တက္ကစီဆရာ ကိုနေဝင်း၏ သားသမီးများ ပညာရေး၊ ကျန်းမာရေးကို ဆုံးခမ်းတိုင်သည်ထိ နာရေးကူညီမှုအသင်း တာဝန်ယူမည်

Myanmar News ม.ค. 30, 2560 view 1,632
မနေ့ညနေက လုပ်ကြံခံခဲ့ရတဲ့ အန်အယ်ဒီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ပစ်သတ်သူသွားကို လိုက်လံဖမ်းဆီးရင် သေဆုံးသွားတဲ့ တက္ကစီယာဉ်မောင်း ကိုနေဝင်းရဲ့ ကျန်ရစ်တဲ့ သား ၃ ဦးအတွက် ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေကို နာရေးကူညီမှုအသင်း ရန်ကုန်က တာဝန်ယူမယ်လို့ ကြေညာလိုက်ပါတယ်။
 
သေဆုံးသူ ကိုနေဝင်းကိုယ်စား သား ၃ ဦးရဲ့ ပညာရေးနဲ့ကျန်းမာရေးအတွက် လူလားမြောက်တဲ့အထိ တာဝန်ယူသွားမယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဦးဆောင်တာရိုက်တာအဖွဲ့ဝင် ဒေါ်နီလာက ပြောပါတယ်။
 
ကျမတို့ကတော့ ကလေးတွေ အငယ်ဆုံးလေးကစပြီးတော့ လူလားမြောက်တဲ့အထိ ဘွဲ့ရ ပညာတတ်ဖြစ်တဲ့အချိန်အထိ ပညာရေးကို ပုံမှန် ထောက်ပံ့သွားမယ်။ ပညာရေးနဲ့အတူ ကျန်းမာရေးပါ ထောက်ပံ့သွားမယ်။ လူလားမြောက်တဲ့အထိ၊ ပညာရေးဆုံးခန်တိုင်တဲ့အထိပေါ့နော်။ အများပြည်သူ ကောင်းမှုနဲ့ ကျမတို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
 
 
ကလေးတွေအတွက် တာဝန်ယူဖို့ ကတိပြုထားပြီဖြစ်ပြီး ကိုနေဝင်းရဲ့ဈာပန ပြီးတဲ့အချိန်ကျမှ မိသားစုဝင်တွေနဲ့အတူ တိုင်ပင်ဆွေးနွေးပြီး အသင်းအနေနဲ့ ဘယ်လိုပုံစံကူညီမလဲ၊ မိသားစုဝင်တွေဘက် ဘယ်လိုပုံစံလက်ခံလိုလဲဆိုတာကို တိုင်ပင်ဆွေးနွေးသွားမယ်လို့လည်း ဒေါ်နီလာက ပြောပါတယ်။
 
ဒါ့အပြင် ကိုနေဝင်းဟာ  နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ နိုင်ငံတော်ပြု ပြင်ပြောင်းလဲရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်သူဖြစ်ပြီး  တာဝန်ကျေပွန်ခဲ့တဲ့ နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။
 
တာဝန်ကို အသက်ပေးပြီး ထမ်းဆောင်ခဲ့တဲ့အပေါ် နာရေးကူညီမှုအသင်း(ရန်ကုန်)ကနေ အစဉ်အောက်မေ့သတိရလျက် ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ ကိုနေဝင်းရဲ့ကျန်ရစ်သော သားငယ် ၃ ဦးကို   သားသမီးများအဖြစ်ခံယူပြီး သူရဲကောင်း ကိုနေဝင်းရဲ့ ဖခင်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ပေးသွားမယ်လို့ အသင်းက ကြေညာပါတယ်။
 
တက္ကစီယာဉ်မောင် ဦးနေဝင်းဟာ အန်အယ်ဒီပါတီဝင်တဦးဖြစ်ပြီး မနေ့ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ပစ်သွားသူကို လိုက်လံဖမ်းဆီးရင်း သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
 
သူ့ရဲ့ကျန်ရှိနေသေးတဲ့ ရုပ်ကလာပ်ကိုတော့ မနက်ဖြန် ဇန်နဝါရီလ ၃၁ ရက် မနက် ၁၁ နာရီခွဲ မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။
 
Credit:DVB


Follow us on