1. Home
  2. Myanmar News

ကွယ်လွန်သူဦးနေဝင်း၏ သားသမီးများအတွက် ၁၆ နာရီအတွင်း အလှူငွေ သိန်း ၃၀၀ ကျော်ရရှိ

Myanmar News ม.ค. 31, 2560 view 1,445
ဇန်နဝါရီလ ၂၉ ရက်နေ့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်လုပ်ကြံခဲ့သူ သေနတ်သမား ကြည်လင်းအား လိုက်လံကူညီ ဖမ်းဆီးခဲ့ရာမှ သေနတ်ပစ်ခံရကာ သေဆုံးသွားခဲ့သည့် လေဆိပ်တက္ကစီမောင်းသူ ဦးနေဝင်း၏ ကျန်ရစ်ခဲ့သော သားသမီး(၃ ဦး) အတွက် ဘဏ်စာရင်းနှင့် ထောက်ပံ့အလှူငွေများကို လက်ခံခဲ့ရာ ၁၆ နာရီအတွင်း ငွေကျပ် သုံးရာနှစ်ဆယ့်သုံးသိန်း ရရှိခဲ့ကြောင်း သိရှိရသည်။
 
လူမှုကွန်ယက်တွင် လူသိများသော ကိုအရည်ကြို၊ ကိုမောင်မောင်အေးနှင့် ပရဟိတလူငယ်အကျိုးဆောင် (၈ ဦး)တို့ ဦးဆောင်၍ ဇန်နဝါရီ ၂၉ ရက်နေ့ ညတွင် ဧရာဝတီဘဏ်၌ ဘဏ်စာရင်းတစ်ခု ဖွင့်ခဲ့ပြီး ဦးနေဝင်း၏ ကလေးငယ်များအတွက် ထောက်ပံ့အလှူငွေကို လက်ခံခဲ့ကြခြင်းဖြစ်ပါတယ်။ 
ကလေးငယ်များအတွက် ရေရှည်အကျိုးရှိစေမည့် ကိစ္စများတွင် အသုံးပြုရန်ရည်ရွယ်၍ အလှူငွေလက်ခံရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ် (၁၀ ရက်) အကြာတွင် အဆိုပါ ဘဏ်စာရင်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။
 
“ကျွန်တော်တို့ အချိန်တစ်ခုမှာ လူစုံပြီဆိုတာနဲ့ ဒီပိုက်ဆံတွေကို ထုတ်ပါမယ်။ ပိုက်ဆံကို ရော့..အင့် ဆိုပြီးပေးသွားမှာ ဟုတ်ပါဘူး၊ ကလေးငယ်တွေ အသက်ကြီးသွားတဲ့အထိ အထောက်အပံ့တစ်ခုလည်း ဖြစ်စေချင်ပါတယ်။ ဒီအတွက်လုပ်နေတဲ့ ဖောင်ဒေးရှင်း တစ်ခုခုဆီကိုလည်း ပိုက်ဆံတွေ ပေးချင်ပေးသွားမှာပါ” ဟု ကိုအရည်ကြိုက ပြောကြားခဲ့သည်။
 
ဦးနေဝင်း၏ ကျန်ရစ်ခဲ့သူ ကလေး သုံးဦးအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်လိုပါက ဧရာဝတီဘဏ်စာရင်းအမှတ် (၀၀၈၀ ၂၀၂၀၁၀၁၈၀၀၀၄) သို့ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ဦးနေဝင်း၏ ဈာပနကို ဇန်နဝါရီ ၃၁ (ယနေ့)နေ့လည် ၁ နာရီတွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။


Follow us on