1. Home
  2. Myanmar News

သေနတ်သမားကြည်လင်း၏ နောက်ကွယ်ကတရားခံ အောင်ဝင်းဇော်၏ သာကေတရှိနေအိမ်ကို ချိပ်ပိတ်

Myanmar News ก.พ. 06, 2560 view 1,452
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ရာတွင် ပူးပေါင်းပါဝင်သည်ဟု ဆိုသော အသက် ၄၆ နှစ်အရွယ် အောင်ဝင်းဇော်၏ နေအိမ်ကို ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေကာ ချိပ်ပိတ်ခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောကြားသည်။
 
အဲဒီနေ့က ဦးအောင်ဝင်းဇော်လည်း ပါတယ်၊ သူ့ကိုဖမ်းလာပြီး နေအိမ်ထဲမှာ ဝင်ရှာတယ်၊ ဘာလုပ်တယ်၊ ဘာတွေ့တယ် ဆိုတာလည်း မပြောဘူး၊ ဘေးကနေ ရပ်ကြည့်ရုံပဲ ကြည့်ခွင့်ပေးတာ၊ ည ၇ နာရီ လောက်ကျမှ တစ်ခါတည်း ချိပ်ပိတ်ပြီး အစောင့်ပါ ချထားခဲ့တယ်၊ အရင်ရက်တွေကတော့ သုံးလေးယောက်လောက် ရှိတယ်၊ ဘေးကနေ စောင့်ကြည့်နေတာ” ဟု ၎င်းက ပြောဆိုသည်။
 
ယင်းလူသတ်မှုတွင် ပူးပေါင်းပါဝင်သည်ဟု ဆိုသော ဦးအောင်ဝင်းဇော်မှာ သာကေတမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ထူပါရုံလမ်းရှိ ပေ ၆၀ × ပေ၂၀ အကျယ်အဝန်းရှိ ကွန်ကရစ်အုတ်ညှပ် နှစ်ထပ်ခွဲ လုံးချင်းတိုက်တွင် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က အသက် ၄၀ အရွယ် ဇနီး၊ အသက် ၂၀ အရွယ် သားဖြစ်သူနှင့်အတူ နေထိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခန်းကို ကိုယ်ပိုင်မြေကွက် ဝယ်ယူပြီး ကန်ထရိုက် ပေးဆောက်ကာ နေထိုင်ခဲ့ကြောင်း ထူပါရုံလမ်းတွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။
 
အောင်ဝင်းဇော်မှာ ကြည်လင်းနှင့်အတူ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဘုရားခိုးမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရပြီး ၂၀၁၄ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သည်။
 
အနေအထိုင်ကတော့ အေးအေးပါ၊ လူရည်သန့်ပဲ၊ သူတို့က တစ်ခါတစ်ရံလောက်ပဲ လာနေတာ၊ ၁၀ ရက် ၁၅ ရက်နေပြီး ပျောက်ပျောက်သွားတာ၊ ကုန်သည်လိုလို၊ ဘာလိုလိုပဲ၊ အလုပ်အကိုင်ကတော့ ဘာလုပ်မှန်း မသိဘူး၊ ပါကျဲရိုးကားတစ်စီး ရှိတယ်၊ ဦးကိုနီလေဆိပ်မှာ အသတ်မခံရခင် တစ်ပတ်လောက် ကတည်းက မိသားစုလိုက် မတွေ့တော့တာ” ဟု ထူပါရုံလမ်းတွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
 
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နှင့်အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့နှင့် မာလူကူ ပြည်နယ်တို့တွင် ကျင်းပပြုလုပ်သည့် Senior Leadership Programme လေ့လာရေးခရီးမှ ပြန်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ဂိတ်ရှေ့ ပလက်ဖောင်းပေါ်တွင် အသက် ၅၃ နှစ်အရွယ် ကြည်လင်းက သေနတ်နှင့် အနီးကပ် ပစ်သတ်ခဲ့ပြီးနောက် ဖမ်းဆီးရရှိကာ ကွင်းဆက် ပူးပေါင်းပါဝင်သူများကို ဆက်လက် ဖော်ထုတ်ဖမ်းဆီးလျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
 
Credit:TheVoice


Follow us on