1. Home
  2. Myanmar News

ဒဂုံမြို့နယ်တိုက်ခန်းအတွင်း အမျိုးသားတစ်ဦး အသတ်ခံရမှုမှ တရားခံတစ်ဦးအား ဖမ်းဆီးရမိ

Myanmar News ก.พ. 09, 2560 view 1,501
ယခုလ လဆန်းပိုင်းက ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း ရွှေနဂါးဝင်းအတွင်းရှိ တိုက်ခန်းအတွင်း လူတစ်ဦး အသတ်ခံခဲ့ရမှုမှ ကျူးလွန်သူတစ်ဦးအား ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် ချောင်းဆုံကျေးရွာတွင် ဖမ်းဆီးရမိကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
 
စစ်ဆေးသိရှိရတာက ကျူးလွန်သူက သုံးဦးပါ။ တစ်ဦးကို မနေ့က ည ၁၁ ခွဲလောက်မှာ ဒေးဒရဲ၊ ချောင်းဆုံကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ရန်ကုန်ကိုတော့ ကျူးလွန်သူကို မလွှဲသေးပါဘူး။ ဒေးဒရဲမှာပဲ ရှိပါသေးတယ်။ အဲဒါကြောင့် မစစ်ဆေးရသေးတဲ့အတွက် ကျူးလွန်တဲ့ အချက်အလက်တွေကို မသိရသေးပါဘူး။ ကျန်တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ် ” ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါ ဖြစ်စဉ်တွင် အသတ်ခံရသူမှာ အငြိမ်းစားပါမောက္ခ တစ်ဦးဖြစ်သူ ဒေါ်....၏ အမျိုးသားဖြစ်ပြီး ၎င်းဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းခန့်က အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်..... မှာ ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခန့်၌ အပြင်သို့ သွားရောက်ခဲ့ပြီးနောက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ်အိမ်၌ တစ်ဦးတည်းကျန်ရှိခဲ့သည့် ၎င်း၏ခင်ပွန်း ဦးထွန်းအောင်လင်း (၆၇နှစ်)မှာ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အား ဒဂုံမြို့ မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
 
Credit:ElevenMediaGroup


Follow us on