1. Home
  2. Movie Stars - Celebrity

ဘက်မလိုက်ပဲ မဲပေးဖို့ IDOL ပရိတ်သတ်ကို သတိပေး တိုက်တွန်းလိုက်တဲ့ မြန်မာပြည်သိန်းတန်

Movie Stars - Celebrity ก.พ. 11, 2560 view 2,027
ပြီးခဲ့တဲ့သောကြာနေ့ည MNTV မှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ Myanmar Idol Result Show မှာ ဒိုင်လူကြီးမင်းတစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်က ထူးချွန်တဲ့ အဆိုပညာရှင်တစ်ဦး ပေါက်ထွက်လာဖို့ဆိုရင် ပါဝင်သီဆိုယှဉ်ပြိုင်သူတွေကို SMS vote ပေးရာမှာ ငါ့သား၊ ငါ့မြေး၊ ငါ့ဆွေမျိုးမို့ဆိုတဲ့ ဘက်လိုက်တဲ့ အမြင်မျိုးနဲ့ အားမပေးပဲ၊ တစ်ကယ်ထူးချွန်သူကိုသာ သမာသမတ်ကျကျ မဲပေးရန် "မိဖုရားမျိုး ခွေးကြည့်" ပုံပြင်နဲ့ ပမာပြပြီး ရဲရဲတင်းတင်း ပြောကြားခဲ့ပါတယ်။
 
အဆိုပါနေ့ညက မဲအနည်းဆုံး ၃ ယောက်ထိုင်ခုံမှာ ထိုင်ခဲ့ရသူတွေအတွက် ဒိုင်တွေရဲ့ စိတ်မသက်သာမှုကို မြင်တွေ့ခဲ့ရပါတယ်။
 
 
(ဇင်ကြီး၊ ချမ်းငြိမ်း၊ ပိုးမီ) တို့ သုံးဦး မဲအနည်းဆုံး ရလာဒ်နဲ့ ထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ ပထမနေ့(ကြာသပတေး)မှာ ပြောင်မြောက်စွာ သီဆိုနိုင်ခဲ့လို့ ဒိုင်တွေရဲ့ အထူးချီးကျူးမှုကို ရခဲ့သူတွေဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲဝင်မျိုးတွေထဲက တစ်ယောက်ဟာ မလွဲမသွေ အိမ်ပြန်ရမယ့်သူ ဖြစ်လို့ ဒိုင်တွေရဲ့ စိတ်ထဲမှာ ဘဝင်မကျမှုတွေ ဖြစ်ခဲ့ပါတယ် (သူတို့ သုံးဦးဟာ ဒီအဆင့်လောက်နဲ့ ပြုတ်မသွားသင့်သေးဘူး) လို့ ယူဆထားပုံရပါတယ်။
 
သူတို့ သုံးဦးထဲကမှ နောက်ထပ် မဲအနည်းဆုံးသူတစ်ဦးကို ထပ်မံရွေးထုတ်ခဲ့ရာမှာ ပိုးမီက မဲအနည်းဆုံးနဲ့ အိမ်ပြန်ဖို့ ဖြစ်လာခဲ့ပါတယ်။
 
 
ကြသပတေးနေ့ ယှဉ်ပြိုင်မှုမှာ ပိုးမီက ရဲနောင်နဲ့အတူ စုံတွဲသီချင်း သီဆိုယှဉ်ပြိုင်ခဲ့ရပြီး ဟာမိုနီနေရာတွေမှာ ရဲနောင်ကို ကူညီဖြည့်စွက်ကာ သီဆိုပေးခဲ့ရတဲ့အတွက် ဒိုင်တွေအားလုံးက ချီးကျူးခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် မဲရလာဒ်ထွက်လာတဲ့အခါ ရဲနောင်က လွတ်လွတ်ကျွတ်ကျွတ် အဆင့်တက်သွားခဲ့ပြီး ပိုးမီကတော့ အိမ်ပြန်ဖို့အထိ ပြုတ်ကျခဲ့ရခြင်းဖြစ်ပါတယ်။ 
 
 
ရဲနောင်ဟာ မဲရလာဒ်နဲ့ အဆင့်တက်ခဲ့ပေမယ့် သူဟာ ပိုးမီကို တင်းတင်းဖက်ရင်း ငိုကြွေးနေခဲ့သလို ပိုးမီ အိမ်ပြန်ရမယ်ဆိုတဲ့ အဖြေရလာချိန်မှာလည်း သူ့ရဲ့ Safe zone ထိုင်ခုံနေရာမှာ တစ်ချိန်လုံး မျက်ရည်လည်ရွဲ ငိုကြွေးနေပါတယ် (ရဲနောင် အပြစ်ရှိသလို ခံစားနေရပြီလား..?)
 
ဒီနေရာမှာတင် ဒိုင်လူကြီးမင်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါပြီ။ ပိုးမီကို ကယ်မလား..? ထားခဲ့မလား..?။
ပွဲစဉ်တစ်လျှောက်လုံး တစ်ကြိမ်သာ ကယ်တင်ခွင့်ရမယ့် အထူးအခွင့်အရေးကို သူတို့ ဘယ်လို ဆုံးဖြတ်ကြမလဲ..?
ဆုံးဖြတ်မှု မပြုလုပ်ခင်မှာ ဒိုင်လူကြီး တစ်ဦးချင်းစီက ပိုးမီကို အားပေးစကား အရင်ပြောပါတယ်။ 
 
မေဆွိကတော့ ပိုးမီအနေနဲ့ ပရိသတ်ချစ်ခင်မှု ပိုရအောင် ကြိုးစားဖို့ လိုအပ်ကြောင်းကိုသာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောကြားခဲ့ပါတယ်။
 
တင်ဇာမော်ရဲ့ အလှည့်မှာလည်း ကိုယ့်ကိုယ်ကို ပြည့်စုံနေအောင် ပြင်ဆင်ထားဖို့နဲ့၊ ပရိသတ်ပေးတဲ့ ချစ်ခြင်းမေတ္တာ ကိုယ့်ဆီမှာ လုံလုံလောက်လောက်ရှိနေစေရမယ်ဆိုတဲ့ ခံယူချက်နဲ့ အနုပညာခရီးကို စိတ်ဓါတ်မကျပဲ ရှေ့ဆက်ဖို့ ပြောဆိုခဲ့ပါတယ်။
 
မြန်မာပြည်သိန်းတန်အလှည့်မှာတော့ "မြန်မာတစ်နိုင်ငံလုံးက Myanmar Idol ကို အားပေးကြည့်ရှုပြီး မဲပေးကြတဲ့ ပရိတ်သတ်တွေကို အန်ကယ်လ် တစ်ခုလောက်ပြောချင်တယ်ကွယ်" ဟု အစချီကာ 'မိဖုရားမျိုးခွေးကြည့်' ပုံပြင်ကို ဥပမာပေးလျှက်၊ ရဲနောင်ရဲ့ ဆွေမျိုးတွေနဲ့တစ်ကွ မြန်မာတစ်နိုင်ငံလုံးက မဲပေးကြတဲ့ ပရိသတ်ကြီးကို SMS မဲပေးကြတဲ့နေရာမှာ ဘက်မလိုက်ပဲ အမှန်တစ်ကယ် အရည်အချင်း ပြည့်ဝသူကိုသာ မဲပေးကြဖို့ ရဲရဲတင်းတင်း ဝေဖန်အကြံပြု တိုက်တွန်းခဲ့ပါတယ်။
 
နောက်ဆုံးမှာတော့ ဒိုင်သုံးဦးစလုံးရဲ့ သဘောတူညီချက်နဲ့ ပိုးမီကို ပြန်လည်ကယ်တင်ခဲ့ပါတယ်။
ဒီအချိန်မှာ ပိုးမီထက် ပိုပြီးပျော်ရွှင်နေမယ့်သူက ရဲနောင်ဖြစ်တယ်ဆိုတာ ရဲရဲကြီး အာမခံလိုက်ပါတယ်။
 
 
 
ဒီဆုံးဖြတ်ချက်နဲ့အတူ ဒီတစ်ပတ်မှာ အားလုံးအတွက် ပျော်ရွှင်စရာ ဖြစ်ပေမယ့် နောက်တစ်ပတ် သောကြာနေ့မှာတော့ ပြိုင်ပွဲဝင်နှစ်ဦး ကျိမ်းသေပေါက် အိမ်ပြန်ကြရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အိမ်ပြန်ရမယ့်သူဟာ ဘယ်သူတွေပဲ ဖြစ်နေ ဖြစ်နေ ဒိုင်လူကြီးမင်းတွေအနေနဲ့ လက်ပိုက်ပြီး ငေးကြည့်နေရမှာသာ ဖြစ်ပါတယ်။


Follow us on