
ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဂျပန်နိုင်ငံမှ JICA အဖွဲ့၏အကြံပြုချက်မှာ BRT ကဲ့သို့ ယာဉ်လိုင်းများ ပြေးဆွဲရန်ဖြစ်ပြီး လက်ရှိယာဉ်ပိုင်ရှင်များ၊ လက်ရှိယာဉ်များနှင့် အကောင်အထည်ဖော်ရန် ခက်ခဲကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦးကဆိုသည်။ လက်ရှိ ရန်ကုန်မြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် မထသမှစီမံအုပ်ချုပ်သည့်စနစ်မှ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၏ကြီးကြပ်မှုဖြင့် YBS ယာဉ်လိုင်းများအဖြစ် ပြေးဆွဲစေသည့်စနစ်မှာ ဂျပန်နိုင်ငံ၏အကြံပြုချက် နည်းလမ်းမဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှတာဝန်ရှိသူတဦးက ပြောဆိုမှုအပေါ် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှတာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။
''ဂျပန်ရဲ့နည်းပညာအကြံဥာဏ်ကိုတော့ ယူထားပါတယ်။ ယာဉ်လိုင်းတွေ ဖောင်းပွနေတာကိုစုစည်းပြီး ချုံ့ဖို့အတွက်ပေါ့။ ဒါပေမဲ့ သူတို့ဘက်က အကြံပြုထားတာက BRT Lite လို ယာဉ်လိုင်းတွေ ပြေးဆွဲဖို့ဆိုတာ ပါပါတယ်။ ဒါကလည်း 11 BRT ဆိုပြီး ပြေးဆွဲဖို့ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ BRT ကို ပြေးဆွဲဖို့ဆိုတာကတော့ လက်ရှိအနေအထားနဲ့ မဖြစ်နိုင်သေးပါဘူး။ လက်ရှိ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်တွေအတွက် အခက်အခဲရှိပါတယ်။ ယာဉ်အသစ်တွေ အများကြီးလိုအပ်သလို ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ယာဉ်လိုင်းစနစ် စတင်ပြောင်းလဲတဲ့နေရာမှာ တဦးချင်းပိုင်နေတဲ့ ပိုင်ဆိုင်မှုစနစ်ကနေ အများပိုင် ကုမ္ပဏီဖွဲ့ပြီး အများပိုင်စနစ်နဲ့ ပိုင်ဆိုင်မှုပုံစံစနစ်ကို ပြောင်းလဲတာပါ။ ဒါကြောင့် လက်ရှိယာဉ်ပိုင်ရှင်တွေလည်း အခက်အခဲမရှိ အောင် ပူးပေါင်းဆောင်ရွက်တဲ့စနစ်နဲ့ သွားနေတာပါ။ ကိုယ်နဲ့အဆင်ပြေနိုင်မယ့်စနစ်ကို အကောင်အထည်ဖော် တာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
YBS စနစ် စတင်ပြောင်းလဲခဲ့သည်မှာ တလပြည့်တော့မည်ဖြစ်ပြီး လက်ရှိအချိန်အထိ အခက်အခဲများ၊ ယာဉ်မလုံလောက်မှုများရှိနေပြီး ယာဉ်ပိုင်ရှင်အချို့နှင့် ယာဉ်လုပ်သားအချို့မှာ ခရီးသည်များသည့် ယာဉ်လိုင်းများကိုသာ ပြေးဆွဲလိုခြင်း၊ ညပိုင်းခရီးသည် နည်းပါးသည့်အချိန်များတွင် ပြေးဆွဲခြင်းမရှိတော့ခြင်း စသည့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။ YBS ယာဉ်လိုင်းများတွင် ယာဉ်လိုအပ်ချက်များရှိနေရာ ပြည်ပမှ ကားသစ်များ ရောက်ရှိလာခြင်းနှင့် ကတ်စနစ်ကိုယာဉ်လိုင်းများအားလုံးတွင် ပုံစံတူတပြေးညီစနစ်ဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါက လက်ရှိအခက်အခဲများ ပြေလည်သွားမည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။ လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများမှာ ပြုပြင်ပြောင်းလဲရေးကာလတွင် ကြုံတွေ့ရမည် ဖြစ်သော်လည်း အစိုးရအဖွဲ့အနေဖြင့် အစိုးရချင်းချိတ်ဆက်မှုဖြင့် ပြည်ပမှ ဘတ်စ်ကားသစ်များ အမြန်ဆုံးဝယ်ယူနိုင်ရန် ဆောင်ရွက်နေပြီး ယာဉ်စီးခနှုန်းထားများကိုလည်း ကတ်စနစ်သုံး ငွေပေးချေနိုင်ရန် တင်ဒါခေါ်ယူသွားမည်ဟု သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
Credit : NewsWatchJournal/
comment