ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ ရန်ကုန်တီးဟောက်စ်ဟာ စီအဲန်အဲန် သတင်းဌာနက ကမ္ဘာအနှံ့အပြားမှ အကောင်းဆုံး လက်ဖက်ရည်ဆိုင်တွေနဲ့အတူ ပူးတွဲဖော်ပြထားတဲ့ လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းထဲမှာ တတိယနေရာက ပါဝင်လာခဲ့ပါတယ်။
လမ်းမတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရောင်စုံပလတ်စတစ်ခုံတွေနဲ့ လက်ဖက်ရည်ဆိုင်တွေဟာ အလွယ်တကူမှတ်မိနိုင်စေတယ်လို့ ရည်ညွှန်းခဲ့ပြီး ရန်ကုန်တီးဟောက်စ်ကိုတော့ ပြည်တွင်း ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် တွေ့ဆုံနိုင်ဖို့ အကောင်းဆုံးနေရာတခုလို့ ဖော်ပြခဲ့ပါတယ်။
ဆိုင်မှာ ရရှိနိုင်တဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်းအပြင် နာမည်ကျော်အစားအစာ တခုအဖြစ် အုန်းနို့ခေါက်ဆွဲကိုလည်း မိတ်ဆက်ပေးထားပါတယ်။ အကောင်းဆုံးဆိုင် ၁၁ ဆိုင်စာရင်းမှာ ပထမဆုံးဖော်ပြတဲ့ ဆိုင်ကတော့ တာဂျစ် ကစ္စတန်နိုင်ငံမှ Rokhat Dushanbe လို့အမည်ရတဲ့ ဆိုင်ဖြစ်ပါတယ်။
မြို့ရဲ့ လှပတဲ့ မြင်ကွင်းတွေကို လှမ်းမြင်နိုင်တဲ့ လက်ဖက်ရည်သောက်ဖို့ အ ကောင်းဆုံးနေရာတခုဖြစ်ပြီး နွားနို့များများနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ရယ်၊ osh နဲ့ shashlik kebabs တို့လို ဒေသအစားအစာတွေနဲ့ တွဲဖက်သုံးဆောင်နိုင်တယ်လို့ ဖော်ပြထားတာပါ။
ဒုတိယမြောက် ဖော်ပြထားတဲ့ ဆိုင်ကတော့ အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်မှ တီး ဟောက်စ် ၂၇၈ ဖြစ်ပြီး ဆိုင်တွင်းမှာ ဇင်ဗုဒ္ဓဘာသာ အငွေ့အသက်တွေနဲ့ ကျောက်တုံးဥယျာဉ်တွေ၊ တရုတ်အနုပညာအလှဆင်ဖန်တီးထားမှုတွေကို တွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုင်မှာ ရောင်းချတဲ့ လက်ဖက်ရည်ဟာ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံတွေက မိသားစုပိုင် လက်ဖက်စိုက်ခင်းတွေက ဖြစ်ပြီး ငြိမ်သက်တိတ်ဆိတ်တဲ့ ဝန်းကျင်ထဲကို ရောက်ရှိသွား စေနိုင်မယ်လို့ ဖော်ပြပါတယ်။
လေ့လာမြည်းစမ်းချင်တဲ့ သူတွေအတွက် ဆိုင်တွေရဲ့ လိပ်စာတွေကို ထင်ရှားတဲ့ အစားအသောက်တွေနဲ့ အတူ ဖော်ပြထားခဲ့တာပါ။
Credit:DVB
Photos:Yangon TeaHouse