1. Home
  2. Special or Others

ဖေ့စ်ဘုတ်ပေါ်ခေတ်စားနေတဲ့ “ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်...” ဆိုတာ..?

Special or Others ก.พ. 21, 2560 view 2,071
ယခုတစ်ရက်နှစ်ရက်အတွင်း လူမှုကွန်ယက် ဖေ့စ်ဘုတ်မှာ ဟစ်အဖြစ်ဆုံး စတေးတပ်ကို ပြောပါဆိုရင် “ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်..” နဲ့ အစချီတဲ့ နောက်ဖက်က ကြိုက်တဲ့ စာသားအစားသွင်းပြီး ရေးကြတဲ့ စတေးတပ်တွေဖြစ်ပါတယ်။
 
 “ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်..” ဆိုတဲ့ စာသားလေးက အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်လှမျိုး(ချင်းချောင်းခြံ) ရဲ့  “ကိုယ်ရည်သွေး” ဆိုတဲ့ ကဗျာစာပိုဒ်လေးတွေထဲက စာသားလေးတစ်ခုဖြစ်ပါတယ်။
 
 
ကဗျာစာသားလေး အပြည့်အစုံကတော့..
 
**ကိုယ်ရည်သွေး**
 
ချစ်တယ် ... လို့
ပြောလိုက်ကတည်းက၊
ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့
မြတ်နိုးစရာ အလုံးစုံကို
မင်းအတွက်
ပေးဆပ်လိုက်တာပါ။
 
ဘယ်သူ့ဆီမှာမှ
ဦးမညွှတ်ခဲ့တဲ့ ... ချစ်ခြင်း၊
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့ ... မျှော်လင့်ခြင်း
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့ ... ကြိုးပမ်းခြင်း ...
အားလုံးရဲ့အစုအစည်းနဲ့၊ 
မင်းကို ပေးအပ်ခဲ့တာပါ။
 
ကမ္ဘာနှစ်ခြမ်းကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ဘက်ခြမ်းမှာသာ
ငါ ရှင်သန်နေပါရစေ ... ။
 
သစ်ရွက်မကြွေဖို့ နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ကောင်းကင်ကို တားဆီးလို့ မရ
နှင်းပွင့်မဝေဖို့ ဆောင်းကိုတားဆီးလို့ မရ
ရနံ့မသင်းဖို့ ပန်းကိုပိတ်ပင်လို့ မရသလိုမျိုး၊
မြတ်နိုးလွန်းတဲ့ ... ငါ့ချစ်ခြင်း
ဘာနဲ့ ပစ်ခွင်းမလဲ ... မင်း။
 
ကမ္ဘာပျက်သုဉ်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက် ... အရှိန်အဟုန်နဲ့၊
နောက်ထပ် ကမ္ဘာသစ်တစ်ခု
( သဘာဝတရားက )
အလိုလို ထွင်းထုနိုင်ဦးမယ်။
 
ယုံပါ
အချစ်နဲ့လွတ်ကင်းတဲ့ ... လူ့ကမ္ဘာ
ဘယ်ဆီမှာမှ ... မရှိ ... ။ 
 
မောင်လှမျိုး ( ချင်းချောင်းခြံ )
 
Ref:မောင်လှမျိုး ( ချင်းချောင်းခြံ )FB


Follow us on