1. Home
  2. Myanmar News

ပထမတန်း သင်းရိုးသစ်တွင် ဖွံ့ဖြိုးရေးဘာသာကို မသင်မနေရဘာသာအဖြစ် ထည့်သွင်း ပြောင်းလဲမည်

Myanmar News ก.พ. 22, 2560 view 1,565
၂၀၁၇ - ၂၀၁၈ ပညာရေးနှစ်တွင် ပြောင်းလဲမည့် ပထမတန်း သင်ရိုးသစ်တွင် ပညာရေးဝန်ကြီးဌါန အစီအစဉ်အရ ဖွံ့ဖြိုးရေးဘာသာရပ်များကို မသင်မနေရ အဖြစ် သင်ကြားရတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
လက်ရှိပထမတန်း သင်ရိုးတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များကို အဓိကထားသင်ကြားနေကြပြီး ကာယကဲ့သို့ ဖွံ့ဖြိုးရေးအချိန်က အနည်းငယ်သာပါဝင်နေပါတယ်။ ပြောင်းလဲလာမည့် သင်ရိုးအသစ်မှတော့ ကလေးတွေရဲ့တတ်မြောက်မှု စွမ်းရည်ကို စာမေးပွဲကျင်းပစစ်ဆေးတာမျိုးထက် တတ်မြောက်မှုအနေအထားကိုသာ အကဲဖြတ်သွားမှာ ဖြစ်တဲ့အတွက် ဖွံ့ဖြိုးရေးဘာသာရပ်တွေကိုလည်း ပြဋ္ဌာန်းဘာသာရပ်တွေလိုပဲ မသင်မနေရအနေနဲ့ သင်ကြားသွားမှာဖြစ်တယ်လို့ (Child Center Approch Project) တာဝန်ခံ ဒေါ်ဌေးဌေးဟန်က ပြောကြားခဲ့ပါတယ်။
 
ပြောင်းလဲရေးဆွဲထားတဲ့ မူလတန်းသင်ရိုးသစ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကာယပညာ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ အနုပညာ၊ စာရိတ္ထနဲ့ ပြည်သူ့နီတိ ဘာသာရပ်တွေပါဝင်ပြီး တိုင်းရင်းသားဒေသတွေမှာတော့ တိုင်းရင်းသားစာပေကိုပါ သင်ကြားသွားမှာဖြစ်သလို အနုပညာ ဘာသာရပ်မှာ ပန်းချီ၊ ဂီတ၊ မြန်မာ့ရိုးရာအက အခြေခံနဲ့ ကာယဘာသာရပ်မှာလည်း ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းရေးအတွက် ကာယလှုပ်ရှား ကစားနည်းတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။
 
ဖွံ့ဖြိုးရေးဘာသာရပ်တွေကို တိုးမြှင့်သင်ကြားခြင်းဖြင့် ကျောင်းသားတွေအတွက် ကာယဉာဏ စွမ်းရည်ကို မြှင့်တင်ရာမှာ အထောက်အကူပြုနိုင်ကြောင်း အထက(၆)ဗိုလ်တထောင် ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်ထွန်းက သုံးသပ်ပြောဆိုခဲ့ပါတယ်။ 
 
သင်ရိုးသစ်ကိုသင်ကြားရာတွင် ကျောင်းသားတွေကို စာသင်ကြားသည့်ပုံစံမျိုးထက် လက်တွေ့လုပ်ဆောင်မှုမျိုးတွေနဲ့ အတွေးအခေါ်ပိုင်းကို မြှင့်တင်ပေးတဲ့ပုံစံမျိုး သင်ကြားသွားမှာဖြစ်လို့ ကျောင်းသားကလေးတွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ နားလည်တတ်မြောက်သွားနိုင်ကြောင်းလည်း သိရှိရပါတယ်။
 
ယခုကဲ့သို့ သင်ရိုးညွှန်းတမ်းပြောင်းလဲတာဟာ ကျောင်းသားကလေးငယ်များအတွက် စာပေသာမက၊ ကာယ၊ ဉာဏ၊ စိတ္တ၊ မိတ္တ၊ ဘောဂစတဲ့ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ မူလတန်းပညာရေးစနစ်ကို ၂၀၁၆ ခုနှစ်က စတင်ပြောင်းလဲခဲ့တာဖြစ်ပြီး ဒုတိယတန်း သင်ရိုးညွှန်းတမ်းမှာ လူ့အခွင့်အရေး ဘာသာရပ်ကို ထည့်သွင်းသင်ကြားဖို့အတွက်ကိုလည်း စီစဉ်နေကြောင်း သတင်းရရှိသည်။
 
Credit:CNB
 


Follow us on