1. Home
  2. Special or Others

မအူပင်မြို့ဂုဏ်ဆောင် ရဲနောင်ကို အားပေးကြပါစို့..

Special or Others ก.พ. 23, 2560 view 1,713
မအူပင်မြို့ဂုဏ်ဆောင် ရဲနောင်ကို အားပေးကြပါစို့” ဆိုတဲ့ ဆိုင်းဘုတ်ကြီးချိပ်ပြီး မအူပင်မြို့ထဲ လှည့်ပတ်မောင်းနေတဲ့ လိုက်ထရပ်ကားတစ်စင်းကို တွေ့ရင် ဘာမှန်ညာမှန်း မသိသူတွေက ကြားဖြတ်ရွေးကောက်ပွဲလား..? မအူပင်မြို့က အမတ်လောင်းလား..? လို့ ဇဝေဇဝါ ဖြစ်မိကြမှာ မလွဲပါဘူး..
 
 
မဟုတ်ပါဘူးခင်မျာ…။
ရဲနောင်ဆိုတာ နိုင်ငံရေးပါတီတစ်ခုက အမတ်လောင်း မဟုတ်ရေးချမဟုတ်ပါ။ MNTV, SkyNet က ဦးစီးပြုလုပ်နေတဲ့ Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ ယှဉ်ပြိုင်သူ တစ်ယောက်သာဖြစ်ပါတယ်။
 
 
ဒါပေမယ့် သူ့ကိုချစ်တဲ့ ပရိဿတ်တွေ၊ မြို့ခံတွေရဲ့ မေတ္တာဖိတ်လျှံမှုက ရဲနောင်ကို အမတ်လောင်းလို့တောင် အမှတ်မှားသွားစေနိုင်ပါတယ်။ အဆိုပါ ဓါတ်ပုံဟာ ဒီနေ့ လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လူတွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ အကြောင်းအရာတွေထဲက တစ်ခုအဖြစ် ဝေဖန်ပြောဆိုနေပါတယ်။
 
ပြိုင်ပွဲဝင် အမှတ်စဉ်(၁) ရဲနောင်ဟာ အပတ်စဉ်ပြိုင်ပွဲတိုင်းမှာ ဒိုင်တွေရဲ့ ကျေနပ်အားရမှုကို အပြည့်အဝမရရှိခဲ့ပေမယ့် မဲရလဒ် အနေနဲ့ကတော့ ထိပ်ဆုံးနေရာကနေ တစ်ဆင့်ပြီး တစ်ဆင့် တက်လာတဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်ပါတယ်။
 
သူကိုချစ်တဲ့ ပရိဿတ်ကြီးက IDOL ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ “အသည်းကြော်” လို့ အဓိပ္ပါယ်ရတဲ့အတွက် အဆိုပိုင်းဆိုင်ရာ အားနည်းချက်ရှိတာတွေကို အပြစ်မမြင်ကြတော့ပဲ သီချင်းဆိုပြိုင်ပွဲဆိုတာကို လုံးဝ မေ့သွားပြီး Myanmar Idol ဟာ ပြည်သူ့အသည်းကြော်ပြိုင်ပွဲကြီးတစ်ခု ဖြစ်လို့နေပါတယ်။
 
ဒီနေ့ (ကြာသပတေး)ည ၉ နာရီမှာ Myanmar Idol ဇကာတင် (၆)ဦး သီဆိုပြိုင်ပွဲမှုကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှာဖြစ်လို့ ယခုလို ကြိုတင်ကာ ကားနဲ့မြို့လုံးပတ် နှိုးဆော်နေတာပဲ ဖြစ်ပါတယ်။ ရဲနောင်ဟာ ပြိုင်ပွဲဝင် သီချင်းများ သီဆိုမှုမှာ အနည်းငယ် အားနည်းချက်တွေ ရှိနေပေမယ့် သူကိုယ်တိုင် ရေးသားတဲ့ သီချင်းကို သီဆိုရာမှာတော့ ခေသူတစ်ယောက် မဟုတ်ကြောင်း အကဲဖြတ်နိုင်ပါတယ်။
 
 
ဒါပေမယ့် ဒါဟာ သီချင်းအမျိုးအစားပေါင်းစုံကို ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့ Winner ဖြစ်ဖို့ဆိုရင် တစ်ခုထဲကို ဆုပ်ကိုင်ထားလို့ မရနိုင်ပါဘူး။ မည်သို့ပင် ဆိုစေကာမူ ရဲနောင်ကတော့ မဲရလဒ်စာရင်းမှာ ထိပ်တန်းနေရာက ယူထားဆဲဖြစ်ပါတယ်။
 
ဒီနေ့ညမှာ ဘက်စုံထူးချွန်တဲ့ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ၊ အဆိုတော် ဝင်းဦးရဲ့  တေးသီချင်းများနဲ့ ပြိုင်ပွဲဝင်ရမှာမို့ ရဲနောင်ရဲ့ သီဆိုဟန်ကို စောင့်ကြည့်နေရဦးမှာဖြစ်ပါတယ်။
 
ရဲနောင်ရဲ့ အပေါ်ထားရှိတဲ့ ပရိသတ်ရဲ့ မေတ္တာကို တွေ့လိုက်ရတော့ တိုက်တိုက်ဆိုင်ဆိုင် Myanmar Idol Season 1 ပြိုင်ပွဲဝင် မန္တလေးသားလေး "ဇော်မင်းဦး" ကို ပြေးမြင်လိုက်မိပါတယ်၊ သူလည်း တစ်ချိန်တုန်းက မန္တလေးရဲ့ အသည်းကြော်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ...။
 
 
 
 


Follow us on