1. Home
  2. Myanmar News

အောင်ဘာလေထီလက်မှတ်တွေကိုငါးရာကျပ်ထက်ပိုရောင်းချပါက

Myanmar News มี.ค. 01, 2560 view 1,401

ဈေးနှုန်းအသစ်သတ်မှတ်လိုက်တဲ့ အောင်ဘာလေထီလက်မှတ်များကို ကျပ်ငွေငါးရာထက် ပိုမိုရောင်းချခြင်း ပြုလုပ်ပါက အောင်ဘာလေသိန်းဆုဌာနခွဲနဲ့ သက်ဆိုင်ရာထီအရောင်းကိုယ်စားလှယ်တွေကို နာမည်ပျက်စာရင်းထဲထည့်သွင်း သတ်မှတ်မှာဖြစ်တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနကဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အောင်ဘာလေသိန်းဆုဌာနခွဲနှင့် သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်တို့ ချုပ်ဆိုထားတဲ့စာချုပ်အရ ထီလက်မှတ်တွေကို ပြန်လည်ရောင်းချရာမှာ ထီလက်မှတ်အပေါ်မှာ ရိုက်နှိပ်ထားတဲ့ တန်ဖိုးအတိုင်း ရောင်းချရမှာဖြစ်ပြီး အဆိုပါတန်ဖိုးအတိုင်း ရောင်းချခြင်းမပြုပါက အောင်ဘာလေသိန်းဆုဌာနခွဲနဲ့ သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်တွေကို စာချုပ်ပါအတိုင်း အမည်ပျက်စာရင်း (Black List)အဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စည်းကမ်းချက်ကိုချိုးဖောက်ပါကာ လစဉ်ထီစာအုပ်ဝယ်ယူခွင့်ကို ပြန်လည်ရုတ်သိမ်းခြင်း၊ ထီအရောင်းကိုယ်စားလှယ်က ဌာနကိုပေးသွင်းထားတဲ့ အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကျပ်ငါးရာတန်ထီလက်မှတ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုနဲ့နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ဒေသအသီးသီးမှာရှိတဲ့ ကိုယ်စားလှယ် ၂၃၁၉ ဦးထံမှာ ထီလတ်မှတ် ပေါင်း ၃၁၇၅၆၉၈၉ စောင်ကိုဖြန့်ဝေထားတယ်လို့ သိရပါတယ်။ အဆိုပါ ကျပ်ငါးရာတန်ထီလတ်မှတ်များကို ယခုလ မတ်လ ၁ ရက်နေ့ကစတင်ရောင်းချမှာ ဖြစ်ပါတယ်။ ထီလက်မှတ်တွေကို ငါးရာကျပ်ထက်ပိုမိုရောင်းချပါက ပြည်တွင်းအခွန်ဦးစီးဌာန (နေပြည်တော်) ၀၆၇-၄၃၀၀၀၅ အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)- ၀၁-၂၄၉၂၇၃ အောင်ဘာလေ သိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) ၀၂- ၃၅၉၁၃ ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။

Credit : kumudranews



Follow us on