1. Home
  2. Myanmar News

ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့မှု ဧပြီ ၁ ရက်တွင် စတင်မည်

Myanmar News มี.ค. 07, 2560 view 1,548
ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့မည့် အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့တွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
 
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ဝန်ဆောင် မိခင်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာမည့် ကလေး အသက် နှစ်နှစ်အထိ ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို ၂၀၁၇ ဧပြီ ၁ ရက်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်အရ လုပ်ငန်းစဉ် ရှစ်ရပ် ချမှတ်ထားကြောင်း၊ ထိုလုပ်ငန်းစဉ်များအရ ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်းတို့မှမွေးဖွားလာမည့် ကလေးအသက် နှစ်နှစ်အထိ ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို စီစဉ်ထားပါကြောင်း၊ လူ့ဘဝတစ်လျှောက်လုံးအတွက် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိရန် လူသားဘဝအစ ရက် ၁၀၀၀ သည် အာဟာရပြည့်ဝရန် အလွန်အရေးကြီးကြောင်း၊ မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလ၊ မီးနေသည့်ကာလနှင့် နို့တိုက်မိခင်ကာလများသည် အာဟာရပြည့်ဝရန် လိုအပ်သဖြင့် ဖြည့်စွက်အာဟာရ စားသောက်ရန်အတွက် တစ်လလျှင် ကျပ် ၁၅၀၀၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်နေ့လျှင် ကျပ် ၅၀၀ စားသုံးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
လက်ရှိအကောင်အထည်ဖော်မည့် ဒေသများမှာ မြန်မာနိုင်ငံ၏ဒေသများအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးဖြစ်ပြီး ကလေးတိုးပွားမှုနှုန်း အပါအဝင် အာဟာရ ချို့တဲ့မှုများကြောင့် ပထမဆုံး အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည် ဖော်နေသည့် လူမှုကာကွယ်ရေး လုပ်ငန်းစဉ်အတွင်း ကိုယ်ဝန်ဆောင်မိခင်၊ နှစ်နှစ်အောက် ကလေးများအပြင် အသက် ၉၀ အထက် ဘိုးဘွားများအတွက် တစ်လလျှင် ကျပ် ၁၀၀၀၀ ထောက်ပံ့မှု အစီအစဉ်ကိုလည်း အကောင်အထည်ဖော်မည်ဖြစ်သည်။
 
Credit:EMG


Follow us on