1. Home
  2. Myanmar News

ညပိုင်းပြေးဆွဲတဲ့ ကြားကားတွေ ဝင်ငွေကောင်းနေဆဲ

Myanmar News มี.ค. 08, 2560 view 1,463

ဇန်နဝါရီလအတွင်းက စတင်ပြောင်းလဲလိုက်တဲ့ ဝိုင်ဘီအက်စ်ကားတွေက ခရီးသည် လိုအပ်ချက်အကုန်အစင် အဆင်မပြေသေးတာကြောင့် ညပိုင်းတွေမှာပြေးဆွဲနေတဲ့ကြားကားတွေ ဝင်ငွေကောင်းနေ ဆဲဖြစ်ပါတယ်။ ကြားကားတွေက လိုက်ထရပ်စ်ကားတွေအများဆုံးဖြစ်ပါတယ်။ ညနေ ၅းဝ၀ နာရီကနေ ၁၁းဝ၀နာရီ အချိန်အထိ ပြေးဆွဲနေတာပါ။ သည်ကားတွေက တစ်ညကိုအသွားအပြန် သုံးကြောင်းကနေ ငါးကြောင်း အထိပြေးဆွဲပါတယ်။ ဆီဖိုးနုတ်ပြီးရင် တစ်ရက်ကို ကျပ် ၃၀,ဝ၀ဝ ကနေ ၄၀,ဝ၀ဝ အထိဝင်ငွေရှိတယ်လို့ သိရပါတယ်။

‘ကျွန်တော်တို့က အရင်(မထသ)ခေတ်ကတည်းက ဆွဲနေတော့လိုင်းကားသမားတွေနဲ့လဲခင်နေတော့ ပြဿနာမရှိပါဘူး၊ ကျွန်တော်တို့ လုဆွဲတာမဟုတ်သလို သူတို့ကလဲမှတ်တိုင်က လူတွေအကုန်တင်ဖို့ မဆံ့ပါဘူး၊ ဆီဖိုးနုတ်ပြီးရင် ၃၀,ဝ၀ဝ လောက်က အသာလေးဝင်တယ်လို့ ပန်းဆိုးတန်းကနေ သာကေတကို ပြေးဆွဲနေတဲ့ ကားပိုင်ရှင် ဦးမောင်ကြည်က ပြောပြတယ်။ အများဆုံးပြေးဆွဲနေရတဲ့ လမ်းကြောင်းတွေကတော့ ပန်းဆိုးတန်းကနေ သာကေတအဝိုင်းထိ၊ ဗန္ဓုလပန်းခြံကနေ သန်လျင်အောင်ချမ်းသာရပ်ကွက်အထိ တာမွေဈေးဗလီကနေ သာကေတ၊ အင်းစိန်ပန်းခြံကနေ မြို့တော်ခန်းမ အထိ၊ သီရိမင်္ဂလာဈေးကနေ မော်တင်အထိဖြစ်ပါတယ်။ ကားခက မှတ်တိုင်အလိုက် ၂၀ဝ ကျပ် ကနေ ၅၀ဝ ကျပ်အထိပါတယ်။ပစ္စည်းလည်းတင်လို့ရတယ်လို့ သိရပါတယ်။ ကြားကားစပယ်ယာတစ်ဦးက တစ်ခါတလေတော့ မုန့်ဖိုးလေးဘာလေးပေးရတာရှိပေမဲ့အဆင်ပြေပါတယ်၊ ည ၁၂းဝ၀ နာရီထိ ဆွဲရတဲ့နေ့တွေတောင်ရှိတယ်၊ အဲဒီနေ့တွေဆို ဆွဲရင်ဆွဲသလောက် ဝင်ငွေရတယ်၊ အသံတော့ နာတာပေါ့၊ ခရီးသည်အော်ခေါ်ရတယ်၊ စိတ်လဲရှည်ရတာပေါ့လို့ ပြောပါတယ်။

နောက်ထပ်လိုင်းကား ကားအစီးရေအများအပြားမတိုးတဲ့ အချိန်ထိဝင်ငွေလျော့သွားဖို့မရှိဘူးလို့  ကြားကားပြေးဆွဲနေသူတွေက ပြောပါတယ်။ ကြားကားအစီးရေ ၁၀ဝကျော်ရှိတယ်လို့သိရပါတယ်။ ကြားကားပြေးဆွဲနေသူတွေထဲမှာ ဝိုင်ဘီအက်စ်ကားပိုင်ရှင်တွေကထက် ဝက်ခန့်ထိရှိနေတာကြောင့်လည်း ဘယ်လမ်းကြောင်းတွေကကြားကားရှိမှ  အဆင်ပြေတယ်ဆိုတာသိကြတယ်လို့ အင်းစိန်ပန်းခြံကနေ ဆူးလေအထိ ပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။ လိုင်းကားအများစုဟာ ညပိုင်း ၉းဝ၀ နာရီအထိသာရှိတတ်တာကြောင့် ကြားကားတွေရှိနေတာဟာ ပိုင်ရှင်အတွက်ရော၊ ခရီးသည်တွေအတွက်ပါ လတ်တလောအချိန်ထိအဆင်ပြေနေတယ်လို့သာ ကေတ(၈)ရပ်ကွက်မှာနေ ထိုင်တဲ့ မတိုးတိုးဝင်းကဆိုပါတယ်။ သူက’ကြားကားလေးတွေရှိတာအဆင်ပြေတာပေါ့၊ ညအချိန်ထိ သူတို့ကစောင့်ပေးတယ်၊ ရပ်ခိုင်းတဲ့ နေရာမှာလဲရပ်ပေးတယ်၊ပေးရတာတန်တယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့အတွင်း ဝိုင်ဘီအက်စ်ယာဉ်လိုင်း ၇၉ လိုင်းမှာကားအစီးရေ ၃၅၀ဝ ကျော်ပြေးဆွဲနေပါတယ်။

Credit : kumudranews



Follow us on