1. Home
  2. Myanmar News

သင်္ကြန်ရုံးပိတ်ရက် လျှော့ချမည့်အစီအစဉ် ၀န်ထမ်းအများစု ငြိုငြင်

Myanmar News มี.ค. 09, 2560 view 1,584

သင်္ကြန်ကာလ နှစ်သစ်ကူးရုံးပိတ်ရက်များကို ၁၀ ရက်မှ ၅ ရက်အထိလျှော့ချရန် စီစဉ်နေမှုအပေါ် ၀န်ထမ်း အများစုက သဘောမကျကြောင်း သတင်းရရှိသည်။ “သင်္ကြန်မှာ ရိပ်သာစခန်းဝင်သူများ ကိုယ့်နေရပ်ပြည်သူများအတွက် ၁၀ ရက်က အကောင်းဆုံးပါ။ ခရီးဝေး မြို့တွေကို ပြန်ကြသူများ ကား၊ ရထားအခက်အခဲများလည်း စဉ်းစားစရာပါ။ ကျောင်းဆရာ၊ ဆရာမတွေကို ဧပြီတလနဲ့ မေ ၁၅ ရက်ပဲ နားခွင့်ရှိပါတယ်။ သင်္ကြန်ပြီးတာနဲ့ ဧပြီ ၂၄ ရက်ကစပြီး သင်တန်းတက်ကြရတယ်။ ရေပက်ရက် ၂ ရက် ၃ ရက်ပဲ ပေးတာ ကောင်းမယ်။ ရေပက်ရက်ရှည်လေ အသေအပျောက်များလေပဲ။ ၀န် ထမ်းတွေအတွက် ၁၀ ရက်တရားစခန်းဝင်ခွင့်ရတာဟာ မဟာအခွင့်အရေးပါ” ဟု ၀န်ထမ်းတဦးက ပြောကြား သည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း မြန်မာပြည်နယ်နယ်အရပ်ရပ်တွင် ရောက်ရှိနေသည့် ၀န်ထမ်းများအနေဖြင့် မိမိတို့ဇာတိကို ပြန်ရာတွင် လမ်းခရီး၌ အချိန်ပေးရသည့်အတွက် မူလအတိုင်း ၁၀ ရက်သာ သတ်မှတ်ပေး စေချင်ကြောင်း ၀န်ထမ်းများထံမှ သိရသည်။ “၅ ရက်ဆိုလည်း ၅ ရက်ပေါ့ဗျာ။ အစိုးရ၀န်ထမ်းတွေကို အဲလိုလုပ်ရင် အစိုးရကို ပြန်မေးချင်တာ ၀န်ထမ်း တွေအဆင်ပြေလွယ်ကူစွာ နေရပ်ပြန်ဖို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ကြိုတင်ပြင်ဆင်မှု ဘာမှမရှိဘဲနဲ့ တော့ မလုပ်စေချင်ဘူး။ ၀န်ထမ်းတွေရဲ့ အခက်အခဲကို ၀န်ထမ်းတွေပဲ သိပါတယ်” ဟု ပညာရေးဝန်ထမ်းတဦးက ပြောကြားသည်။

နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်အစား သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတရက်နေ့အထိ ၅ ရက်သာ သတ်မှတ်ပြီး ကျန်ရုံးပိတ်ရက် ၅ ရက်အား သီတင်းကျွတ်ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင်ရုံးပိတ်ရက်များနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အစားထိုးမည်ဆိုပါက ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် ကြိုတင်စီစဉ်ထားသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ထိခိုက်နစ်နာမှုနှင့် အဆင်ပြေနိုင်မှု ရှိ၊ မရှိစိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ မတ်လ ၉ ရက် ညနေ ၃ နာရီအရောက် ပြန်လည်သတင်းပို့ရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက မတ်လ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သင်္ကြန်ပွဲတော်သည် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ နှစ်သစ်ကူး အခါသမယဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ အနားယူအပန်းဖြေစေရန်အလို့ငှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Credit : News Watch



Follow us on