1. Home
  2. Myanmar News

YBS သက်တမ်း တလခွဲအတွင်း တိုင်ကြားမှု ၇၈၀ ကျော်ရှိ

Myanmar News มี.ค. 10, 2560 view 1,476

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက စတင်ပြေးဆွဲခဲ့တဲ့ ရန်ကုန်ဘတ်စ်ကားစနစ် YBS မှာယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအပေါ် ခရီးသွားပြည်သူတွေရဲ့ တိုင်ကြားတဲ့ အမှုပေါင်း ၇၈၀ ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ရန်ကုန်ဘတ်စ်ကားစနစ်ကို စတင်ခဲ့ပြီးနောက် ဇန်န၀ါရီ ၂၃ ရက်နေပြီး မတ် ၆ ရက်အထိ တိုင်းကြားမှုတွေမှာ သတ် မှတ်ထားတဲ့ ကားမှတ်တိုင်မှာ ရပ်တာမဟုတ်ဘဲ ကြုံသလိုပဲရပ်နေတဲ့ တိုင်ကြားမှုဟာ အများဆုံးဖြစ်ပြီး ခရီးသွားပြည်သူတွေ အပေါ် မချေမငံဆက်ဆံတာတွေ၊ ယာဉ်စီးခ ပိုကောက်တာတွေ၊ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်တာတွေနဲ့ ဂိတ်စကနေ ဂိတ်ဆုံးအထိ ပြေးဆွဲခြင်းမရှိတဲ့ တိုင်ကြားမှုတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

''စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းတွေကို မော်တော်ယာဉ်ဥပဒေ ၂၀၁၅ အရ အရေး ယူတာတွေရှိသလို။ ကုမ္ပဏီကနေတဆင့် အရေးယူခိုင်းတာတွေလည်း ရှိပါတယ်။ တိုင်ကြားမှု တော်တော်များများကို အရေးယူပြီးပါပြီ''လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

တိုင်ကြားမှုရှိခဲ့တဲ့ အမှုပေါင်း ၇၈၀ ကျော်ထဲက ဘယ်နှမှုကို အရေးယူဆောင်ရွက်ပြီးဖြစ်လဲဆိုတဲ့ မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။ မတ် ၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိန်းရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်တွေကို ထိထိရောက်ရောက်အရေးယူဖို့နဲ့ မော်တော်ယာဉ်ဥပဒေအရ စည်းကမ်းဖောက်ဖျက်ရင် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ကို ထပ်မံဆွေးနွေးခဲ့တယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။ တိုင်ကြားမှုတွေထဲမှာ ယာဉ်လိုင်း နံပါတ် အမှတ် ၆၊ ၇ နဲ့ ၄၁ တို့ဟာ တိုင်ကြားမှုအများဆုံးဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။

Credit : News Watch



Follow us on