1. Home
  2. Myanmar News

ကလေးငယ်၂ ဦးအား ညှင်းပန်းနှိပ်စက်သူ ဆွေညီနောင် စတိုးဆိုင်ပိုင်ရှင်အား အမှုဖွင့်အရေးယူ

Myanmar News มี.ค. 13, 2560 view 1,550
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း၊ မုံရွာလမ်းရှိ ဆွေညီနောင် စတိုးဆိုင်တွင် အလုပ်သမား အဖြစ် လုပ်ကိုင်နေသော ကလေးငယ် ၂ ဦးအား ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်၊ (၄၀)နှစ်မှ ညှင်းပန်းနှိပ်စက်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် အောင်မင်္ဂလာအဝေးပြေးဝင်း တာဝန်ရှိသူများက မတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် အဆိုပါဆိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။
 
 
စတိုးဆိုင်တွင် လာရောက်လုပ်ကိုင်သူများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ မထက်ထက်ဇော်၊ (၁၂)နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်နေ မမေသဇင်၊(၁၀)နှစ်တို့ ၂ ဦးအား တွေ့ရှိရပြီး ၎င်းတို့၏ခန္ဓာကိုယ်အနှံ့တွင် ဖူးရောင်၊ ညိုမဲ ပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသည်။
 
 
 
ပူးပေါင်းအဖွဲ့မှ ၎င်းဒဏ်ရာများအား အသေးစိတ် ကြည့်ရှု စစ်ဆေးခဲ့ရာ မထက်ထက်ဇော်တွင် နဖူး ဖူးရောင်ညိုမဲ ဒဏ်ရာ၊ ဝဲ/ယာမျက်လုံးညိုမဲဒဏ်ရာ၊ ဝဲလက်ဖျံ ဖူးရောင်ပေါက်ပြဲဒဏ်ရာ(၃)ချက်၊ ဝဲခြေသလုံး ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ (၁၄)ချက်၊ ယာခြေသလုံး ဖူးရောင်ညိုမဲဒဏ်ရာ (၂)ချက် နှင့် မမေသဇင်တွင် ဝဲ/ယာမျက်လုံးဖူးရောင်ညိုမဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ ဖူးရောင်ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ ဝဲ/ယာပါး ဖူးရောင်ညိုမဲဒဏ်ရာ၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ (၁) ချက် တို့ ရရှိထားသည်ကိုတွေ့ရှိသဖြင့် ၎င်းကလေး ငယ်(၂)ဦးအား မေးမြန်းရာ စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်မှ သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ် နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအား မီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ တို့ခြင်းတို့ကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
 
 
 
 
 
ယင်းသို့ ကလေးငယ်(၂)ဦးအား ဒဏ်ရာများရရှိအောင် ညှင်းပန်းနှိပ်စက်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်အား မင်္ဂလာဒုံ မြို့မရဲစခန်းတွင် (ပ)၃၁၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၅/၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းမှု ရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
 
Credit: YangonPolice


Follow us on