1. Home
  2. Myanmar News

စီးပွားဖြစ် သင်္ကြန်ရေကစားမဏ္ဍပ်များ ပြန်လည်ခွင့်ပြုပြီ

Myanmar News มี.ค. 23, 2560 view 1,497
၂၀၁၇ သင်္ကြန်တွင် စီးပွားဖြစ်ရေ ကစားမဏ္ဍပ် ဆောက်လုပ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အင်တာနက် စာမျက်နှာတွင် မတ်လ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။
 
တိုင်းအစိုးရသစ်တက်ပြီးစ ၂၀၁၆ ခုနှစ်သင်္ကြန်က အဆိုပါ စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်မပြုကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သော်လည်း တစ်နှစ်ပြည့်မြောက်သည့် ယခုနှစ် သင်္ကြန်တွင် ပြန်လည်ခွင့်ပြုပေးခြင်း ဖြစ်သည်။
ရေကစားမဏ္ဍပ် လျှောက်ထားမှုများကို မဏ္ဍပ်နေရာ ချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေး ကော်မတီ အနေနှင့် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဆောင်သည့် ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီထံ တင်ပြပြီး ခွင့်ပြုချက်အရ ဆောက်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
 
စီးပွားဖြစ် မဏ္ဍပ်တွေကို ဒီနှစ်မှာ ပြည်သူ့ရင်ပြင်တို့လို မိုင်ဒါကွင်းတို့လို နေရာမျိုးတွေအပြင် ခြံကြီး၊ ဝင်းကြီးတွေမှာပါ ဆောက်ခွင့်ပေးမယ်။ ဆောက်ချင်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေ အနေနဲ့ ဆောက်လုပ်လိုတဲ့ နေရာတွေကို ငှားရမ်း ရှာဖွေပြီး ကော်မတီကို တင်ပြတာတွေကို စိစစ်ခွင့်ပြုသွားမယ်။ ကန်တော်ကြီး ပတ်လမ်းနဲ့ အင်းလျားကန်မှာတော့ ခွင့်မပြုဘူးတဲ့”ဟု ၎င်းက ဆိုသည်။
 
မဏ္ဍပ် ဆောက်လုပ်ရန် အရေအတွက်ကို တင်ပြသည့် လျှောက်လွှာပေါ် မူတည်၍ စိစစ် ဆုံးဖြတ်သွားမည်ဖြစ်ပြီး လက်ရှိ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်လွှာဖောင် ၉၀ ကျော် လာရောက် ထုတ်ယူမှု ရှိသော်လည်း ဆောက်လုပ်ခွင့် လျှောက်လွှာတင်သူ ခြောက်စောင်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား) ထံမှ သိရှိရသည်။
 
ယခုနှစ်တွင် သင်္ကြန် ရေကစားမဏ္ဍပ်များ စိစစ်ခွင့်ပြုနိုင်ရေးအတွက် မတ်လ ၁ ရက်မှ မတ်လ ၂၅ ရက်အထိ လာရောက် လျှောက်ထားနိုင်ပြီး သတ်မှတ်ရက်ထက် နောက်ကျ လျှောက်ထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာသည်။
 
ရေကစားမဏ္ဍပ် အမျိုးအစားအလိုက် ခွဲခြား၍ သတ်မှတ် လျှောက်လွှာ ပုံစံများဖြင့် သက်ဆိုင်ရာခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၏ စိစစ်ထောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား) တို့ကို လျှောက်ထားရမည်ဖြစ်ပြီး မဏ္ဍပ်နေရာ ချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေး လုပ်ငန်းကော်မတီ၏ စိစစ်ချက်ဖြင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိမှသာ စတင် ဆောက်လုပ် ဆောင်ရွက်ရမည်ဖြစ်သည်။
 
ယခု တိုင်းအစိုးရ လက်ထက်တွင် သတ်မှတ် စည်းကမ်းချက်နှင့် မညီသည့် အထပ်မြင့် အဆောက်အအုံများကို ဆောက်လုပ်ခွင့် ခေတ္တ ရပ်ဆိုင်းပြီး အထပ်များ လျှောချမည်ဟု ကြေညာခဲ့သော်လည်း ယင်းအဆောက်အအုံများကို မူလအထပ်တိုင်း ပြန်တည် ဆောက်ခွင့်ပြုသကဲ့သို့ ကုန်သေတ္တာယာဉ်များကိုလည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ဆန်းပိုင်းက နေ့ပိုင်း ဖြတ်သန်း မောင်းနှင်ခွင့် မပြုဘဲ ညပိုင်းသာ ပြေးဆွဲခွင့်ပြုခဲ့သော်လည်း မတ်လ ၁၆ ရက်မှစပြီး နေ့ခင်းပိုင်းနှင့် ညပိုင်းကို ပြန်လည် ပြေးဆွဲခွင့်ပြုလိုက်သည်။ 
 
 
Credit:TheVoice


Follow us on