1. Home
  2. Myanmar News

မန္တလေး ကလေးဆေးရုံကြီးတွင် ဆီးခုံချင်းဆက် အမြွာညီအစ်ကိုအား အကြီးစားခွဲစိတ်မှုပြုလုပ်

Myanmar News มี.ค. 24, 2560 view 1,459

မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ဆီးခုံချင်းဆက် အမြွှာညီအစ်ကို မောင်ဝေယံငြိမ်းနှင့် မောင်ဝေယံဟိန်းတို့အား မတ် ၂၃ ရက် နံနက် ၆ နာရီခန့်မှစတင်ကာ အကြီးစားခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ကြောင်းသိရပြီး အဆိုပါအမြွှာညီအစ်ကိုနှစ်ဦး ခွဲစိတ်ကုသမှုနှင့်ပတ်သက်၍ မတ် ၂၄ ရက်တွင် သတင်းမီဒီယာများအား ရှင်းလင်းမှုပြုလုပ်မည်ဖြစ်ကြောင်း ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။ ဆီးခုံချင်းဆက် အမြွှာကလေးနှစ်ဦးအား မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ကျန်းမာရေး အပြည့်အ၀ စောင့်ရှောက်ပေးခဲ့ပြီး အသက်တစ်နှစ်ပြည့်ပြီးချိန်တွင် ကျန်းမာရေးကောင်းမွန်သဖြင့် အကြီးစား ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အမြွှာကလေးငယ်နှစ်ဦးအား လှူဒါန်းငွေများ၊ နိုင်ငံတော်မှထောက်ပံ့မှုများနှင့်အတူ ဆေးရုံမှလည်း လိုအပ်သည့် ဆေးဝါးပစ္စည်းကိရိယာများအား ပြင်ဆင်ထားပြီး ခွဲစိတ်ကုသမှု ပြုလုပ်မည်ဖြစ်ကြောင်း ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံအုပ်ကြီးက ကလေးနှစ်ဦးအား ခွဲစိတ်ကုသမှုမပြုလုပ်မီအချိန်က သတင်းမီဒီယာများကို ဖြေကြားထားသည်။

မတ် ၂၃ ရက်က မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ဆီးခုံချင်းဆက် အမြွှာကလေးငယ်နှစ်ဦးကို အကြီးစားခွဲစိတ် ကုသမှုပြုလုပ်နေမှုအားလေ့လာနိုင်ရန် တီဗွီဖြင့် အဆိုပါခွဲစိတ်မှုပြုလုပ်နေမှုများကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ အမြွှာကလေးငယ်နှစ်ဦးကို နံနက် ၆ နာရီလောက်ကတည်းက စတင်ခွဲစိတ်နေတာပါ။ ဒီနေ့ကတော့ သတင်းမထုတ် ပြန်သေးပါဘူး။ ခွဲစိတ်ကုသမှုက ဘယ်အချိန်ပြီးမလဲဆိုတာလည်း မပြောနိုင်သေးဘူး။ မနက်ဖြန်ရောက်ရင် ဆရာဝန်ကြီးက အပြည့်အစုံ ဖြေကြားပေးမှာပါ” ဟု တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ဆီးခုံချင်းဆက် အမြွှာညီအစ်ကိုနှစ်ဦးအား မြန်မာဆရာဝန်၊ ဆရာဝန်မကြီးများက မတ် ၂၃ ရက် ညနေပိုင်းအထိ အကြီးစားခွဲစိတ်ကုသမှု ပြုလုပ်ပေးလျက်ရှိကြောင်း ကလေးနှစ်ဦးအား ခွဲစိတ်ကုသမှုပြုလုပ်နေမှုအား တိုက်ရိုက်ထုတ်လွှင့်ပြသနေမှုအရ သိရသည်။ မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ၂၀၀၂ ခုနှစ်က တင်ချင်းဆက် အမြွှာညီအစ်မနှစ်ဦးနှင့် ၂၀၁၂ ခုနှစ်တွင် တင်ချင်းဆက် အမြွှာညီအစ်ကိုနှစ်ဦးတို့အား အောင်မြင်စွာ ခွဲစိတ်ကုသမှုပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Credit : news-eleven

photo : news-eleven



Follow us on