သန်လျင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးငယ်များကို တရားမဝင် ထိန်းသိမ်းထားသူတစ်ဦးကို ဖမ်းဆီးအမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
စင်ကာပူတွင် အိမ်ဖော်အလုပ် လုပ်ကိုင်ရမည်ဟုဆိုကာ အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးငယ် (၁၀)ဦးကို နေအိမ်တွင် နှစ်လခန့်ကြာမြင့်အောင် ထိန်းသိမ်းထားခြင်းဖြစ်သည်။ အလုပ်ရရှိပါက အကျိုးဆောင်ခအဖြစ် ခုနှစ်လ အလုပ်လုပ်ပြီး ပြန်ဆပ်ရမည်ဟု ပြောဆိုကာခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး တရားဝင်အကျိုးဆောင် လုပ်ငန်းလိုင်စင်လည်း မရှိကြောင်း သိရှိရသည်။
ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများထဲမှ တစ်ဦးက သူမ၏ ဆွေမျိုးများထံ ဖုန်းဆက်တိုင်ကြားခဲ့သည့်အတွက် သန်လျင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ သန်လျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သန်လျင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနဲ့ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အဖွဲ့မှသွားရောက် စစ်ဆေးခဲ့ပြီးအမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် ကျူးလွန်သူဟ ယူဆရသူ မချစ်ဇေဇေ(ခ)ဇေဇေ ကို ပြည်ပအကျိုးဆောင်လိုင်စင်မရှိပဲ လုပ်ငန်းလုပ်ကိုင်မှုနှင့် အရေးယူဆောင်ရွက်ထားပြီး အမှုနှင့် ဆက်စပ်နေသူတစ်ဦးကို လိုက်လံရှာဖွေနေဆဲဖြစ်သည်။
တရားမဝင်ထိန်းသိမ်းခြင်းခံထားရသည့် အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသားတစ်ဦးကို ဗဟန်းမြို့နယ် အမျိုးသမီးအသက်မွေး အတတ်ပညာသင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
Source:ကုမုန္ဒြာ