1. Home
  2. Myanmar News

ငွေဆောင်ကမ်းခြေမှ ချစ်သူများကျွန်းသို့ လှေမပါဘဲဖြတ်ကူးသည့် လူတစ်ဦး ရေနစ်သေဆုံး

Myanmar News มี.ค. 28, 2560 view 1,801

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေတွင် မတ်လ(၂၇)ရက်၊ နံနက်(၁၀း၀၀)နာရီခန့်က ကမ်းခြေမှ ချစ်သူများကျွန်းသို့ လှေမပါဘဲဖြတ်ကူးရာ လူတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း ငွေဆောင်ရဲစခန်းမှ သိရှိရသည်။ သေဆုံးသူမှာ ရန်ကုန်မြို့၊ သင်္ဃာန်းကျွန်းမြို့နယ်နေ (၂၃)နှစ်ရှိ ကိုထက်နေသာအေးမောင်ဖြစ်ကာ သူငယ်ချင်း (၁၄)ဦးနှင့်အတူ အပန်းဖြေခရီးလာရောက်ခြင်းဖြစ်ပြီး ရောက်ရောက်ခြင်း အနားမယူဘဲ ဖြတ်ကူးရာမှ ရေစီးနှင့် မျောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ငွေဆောင်ရဲစခန်းမှူး ရဲအုပ်ဇော်မျိုးနိုင်ထံမှ သိရသည်။

“ဂျင်းဘောင်းဘီအရှည်နဲ့ ဖြတ်ကူးတာ ရေကလည်း ဆွဲအားရှိတော့ ပိုဆိုးတာပေါ့။ အတူလာတဲ့ သူငယ်ချင်းတွေ တားနေတာတောင် ရေကူးကျွမ်းပါတယ်ဆိုပြီး ဖြတ်ကူးတာပါ။ နစ်သွားသွားခြင်း ဘေးကသူတွေက ဆင်းကယ် ကြတာပေါ့။ အခုသေမှုသေခင်းရေးဖွင့် ဆောင်ရွက်နေပါတယ်။”ဟု

ငွေဆောင်ရဲစခန်းမှူး ရဲအုပ်ဇော်မျိုးနိုင်က ပြောသည်။ သေဆုံးသူရေနစ်ခဲ့သည့် ငွေဆောင်ကမ်းခြေနှင့် ချစ်သူများကျွန်းကြားရှိ ရေပြင်သည် နွေရာသီတွင် ရေခါးလည် လောက်သာရှိသော်လည်း ရေစီးကြမ်း၊ ရေဆွဲအားကောင်းသဖြင့် လှေမပါဘဲ ဖြတ်ကူးရန် မသင့်သည့်နေရာဖြစ် ပြီး အနီးရှိကျေးရွာများမှ ကူးတို့လှေများသည် လူတစ်ဦးလျှင် ၃၀၀ ကျပ် နှုန်းဖြင့် အသွားအပြန်ပြေးဆွဲပေးနေ သည့် နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကမ်းခြေကို ဒီမနက်မှ ရောက်လာပြီး မနားသေးပဲ ချစ်သူများကျွန်းကို ရေပြည့်မှာဖြတ်ကူးတာပါ။ ရေက ခါး ကျော်ကျော်လောက်ရှိတာကို ဒီအတိုင်းကူးကြတာ။ရေအပြည့် မြောက်လေတိုက်တော့ လှိုင်းကြက်ခွပ်တွေ လည်း ထနေတယ်။ ကျွန်းနဲ့သောင်ပြင် အလယ်မှာဆိုတော့ လှိုင်းလုံးက တစ်ချက်တစ်ချက် ကျော်ကျော်ကျ သွားတဲ့အချိန်မှာ ပါသွားတာ။”ဟု ငွေဆောင်ကမ်းခြေမှ ရေ၀တီတည်းခိုခန်းပိုင်ရှင် ဦးစန်းရွှေက ပြောသည်။ အဆိုပါ ရေနစ်သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ငွေဆောင်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၇ ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက်ရှိပြီး အလောင်းကို ငွေဆောင်တိုက်နယ်ဆေးရုံတွင်ထားရှိကာ ရန်ကုန်မြို့သို့ နေ့ချင်း ပြန်လည်သယ်ဆောင်ရန် စီစဉ်နေကြောင်း ငွေဆောင်ရဲစခန်းမှ သိရသည်။

Credit “ရတနာပုံ သတင်းစာ”



Follow us on