မင်္ဂလာအခမ်းအနား ကျင်းပချိန်မှာ စနောက်ပျော်ပါးကြတာဟာ တရုတ်နိုင်ငံမှာ ရှေးရိုးအစဉ်အလာတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရမယ့် စနောက်ကျီစယ်မှုကတော့ တော်တော့်ကို ဆိုးဝါးလှပါတယ်။ မင်္ဂလာပွဲလာရောက်သူတွေဟာ သတို့သမီးကို မီးသတ်ဆေးဘူးနဲ့ စနောက်ကျီစယ်ကာ ဖျန်းခဲ့တဲ့အတွက် သတို့သမီးဟာ ဘယ်လိုမှ မခုခံနိုင်ဘဲ အသက်ရှူကျပ် ဒုက္ခရောက်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းခရိုင်၊ ဇောင်ကျန်းမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး မျက်မြင်တွေ့ရှိသူတဦးက မိုဘိုင်းလ်ဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ယူထားခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ မတ်လ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
သတို့သားဟာ သတို့သမီးကိုကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သတို့သမီးရဲ့ မင်္ဂလာဝတ်စုံနဲ့ ဆံပင်တွေပေါ်မှာ အမြှုပ်တွေတင်ခဲ့ရပြီး ဓာတုအငွေ့တွေကြောင့် အသက်ရှူကျပ်ကာ မျက်လုံးတွေလည်း ကျိန်းစပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေခဲ့ကြတာပါ။ ဝေဇင်အမည်ရတဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “တရုတ်နိုင်ငံက မင်္ဂလာဆောင်တွေဟာ တကယ့်ကို လူပြိန်းကြိုက်တွေပဲ။ လက်ထပ်ခြင်းလို အရေးကြီးတဲ့ ကိစ္စတွေမှာ ကျနော်တို့ ခုထက်ပိုပြီး လေးလေးစားစား ပြုမူသင့်ပါတယ်” လို့ မှတ်ချက်ရေးခဲ့တာပါ။ တချို့ကလည်း ဒါဟာ အပျော်သဘောနဲ့ ပြောင်နောက်ခြင်းဖြစ်တယ်လို့ ပြောနေကြပြီး တချို့ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပါ။
Credit : burmese.dvb.no