1. Home
  2. Special or Others

ဆယ်ဖီရိုက်နေတုန်း အသေးစားလေယာဉ်တိုက်မိလို့ မိန်းကလေး ၂ ဦးသေဆုံး

Special or Others มี.ค. 29, 2560 view 1,482

မက္ကဆီကိုမြောက်ပိုင်းက လေယာဉ်ဆင်းတဲ့ပြေးလမ်းဘေးမှာ ဆယ်ဖီဓာတ်ပုံရိုက်နေစဉ် အသေးစား လေယာဉ်ငယ်တစ်စင်းကဝင်တိုက်မိခဲ့တာကြောင့် ဆယ်ကျော်သက်မိန်းကလေး ၂ ဦးသေဆုံးခဲ့တယ်လို့ တနင်္လာနေ့က မက္ကဆီကိုနိုင်ငံပိုင်မီဒီယာကသတင်းဖော်ပြခဲ့ပါတယ်။ စနေနေ့နေ့လယ်ပိုင်းက မက္ကဆီကိုနိုင်ငံမြောက်ပိုင်းက ချီဟွာဟွာပြည်နယ် ချင်နီပက်စ်မြို့မှာဖြစ်ပွားခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ မတော်တဆမှုမှာ သေဆုံးခဲ့သူတွေကို စနေနေ့ ညပိုင်းမှာ မြှုပ်နှံသင်္ဂြိုလ်ခဲ့တယ်လို့ ဒေသတွင်း သတင်းစာ El Heraldo de Chihuahua ကဖော်ပြခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် Nitzia Mendoza နဲ့ အသက် ၁၇ နှစ်အရွယ် Clarissa Morquecho ဟာ ထရပ်ကားရဲ့ နောက်ဘက်ခေါင်းမိုးပေါ်မှာ မတ်တတ်ရပ်ပြီး သူတို့ရဲ့ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ယူနေစဉ် လေယာဉ်တောင်ပံနဲ့ ရိုက်မိခဲ့တာဖြစ်တယ်လို့ El Diario de Chihuahua သတင်းစာကဖော်ပြခဲ့ပါတယ်။

သည်အမျိုးသမီး ၂ ဦးဟာ သည်မြို့မှာကျင်းပတဲ့ မြင်းပြိုင်ပွဲတစ်ခုကိုလာရောက်ကြတာဖြစ်ပြီး မြင်းပြိုင်ပွဲ ကျင်းပမယ့်ပြေးလမ်းက လေယာဉ်ပြေးလမ်းနဲ့ ယှဉ်လျက်ရှိနေတာဖြစ်ပါတယ်။ အရေအတွက်အတိအကျကိုသိနိုင်ဖို့ခက်ခဲပေမယ့်လို့ ကမ္ဘာတစ်လွှားမှာ လူတော်တော်များများဟာ ဆယ်ဖီရိုက်ယူ နေစဉ် သေဆုံးတာတွေနဲ့ အပြင်းအထန်ထိခိုက်ဒဏ်ရာရတာတွေရှိတယ်ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်သြဂုတ်လကလည်း ပါကစ္စတန်မြောက်ပိုင်းမှာ အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးဟာ ဆယ်ဖီ ရိုက်ဖို့ကြိုးစားရင်း မြစ်ထဲကိုပြုတ်ကျပြီးသေဆုံးခဲ့ပါတယ်။ သူ့ကိုကယ်ဖို့ကြိုးစားရင်း သူ့ရဲ့မိဘနှစ်ပါးလည်း သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောပြပါတယ်။

 



Follow us on