ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် တောင်ဥက္ကလာပကို ဆက်သွယ်မည့် နောက်ထပ် တံတားအသစ်တစ်စင်းကို ငမိုးရိပ်ချောင်းကို ဖြတ်ကာ တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများ ရန်ကုန်မြို့တွင်းသို့ သွားလာရာတွင် ယာဉ်လမ်းကြောင်းကြပ်တည်းမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရံပုံငွေခွင့်ပြုချက်ဖြင့် မြတ်နိုးသူ တံတားတည်ဆောက်ရေးကုမ္ပဏီက ဧပြီလ (၁)ရက်နေ့တွင် စတင်တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါတံတားကို တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ငါးမာန်အောင်ဘုရားလမ်းတို့အား ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး ပင်မတံတားအရှည် (၉၁၈)ပေ ရှိမည်ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၃၈ ပေ(နှစ်လမ်းသွား) ကားလမ်းနှင့် တံတား၏ တစ်ဖက်တစ်ချက်စီတွင် ၅ ပေအကျယ် လူသွားလမ်းတို့ ပါဝင်မည်ဖြစ်သည်။
တံတားအမျိုးအစားမှာ သံကူကွန်ကရစ် လွန်ထူးပိုင်တိုင်အုတ်မြစ်၊ သံကူကွန်ကရစ်တိုင် ကိုယ်ထည်နှင့် သံကူကွန်ကရစ်ကြမ်းခင်း ဖြစ်သည်။ တံတား၏ ခံနိုင်ဝန်မှာ AASHO-H.S.25-44 ဖြစ်ပြီး ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။
တံတားတည်ဆောက်မည့် မြန်နိုးသူကုမ္ပဏီတွင် တံတားဆောက်လုပ်ရေး အတွေအကြုံများစွာရှိခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌါနမှ အငြိမ်းစားအင်ဂျင်နီယာများ၊ တံတားဦးစီးဌါနမှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။
Ref:မြန်မာ့အလင်း