1. Home
  2. Myanmar News

ကားပါကင်လုရင်း အများနှင့်တစ်ယောက် ဝိုင်းဝန်းအနိုင်ကျင့်ခံရသည့် ဗီဒီယို အွန်လိုင်းတွင်ပျံ့နှံ့

Myanmar News เม.ย. 02, 2560 view 1,811
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ် အေးရိပ်သာ ၂ လမ်းတွင် ဧပြီလ ၁ ရက်နေ့က နေ့လည် ၁ နာရီ ဝန်းကျင်ခန့်တွင် ကားပါကင်နေရာအတွက် အချင်းများကြရာမှ မိသားစုတစ်စုလုံးမှ လူတစ်ဦးအား ဝိုင်းဝန်းအနိုင်ကျင့် ထိုးကျိတ်မှု ဖြစ်ပွားခဲ့သည်။
 
ဗီဒီယိုတွင် တက္ကသိုလ်ရိပ်သာလမ်းသစ် အေးရိပ်သာ ၂ လမ်း မြေညီထပ်တွင် ဘုရားဆင်းတုတော်များ ရောင်းချသည့်ဆိုင် “ပဒုမ္မာ” ဆိုင်ရှေ့ ကားပါကင်နေရာတွင် အဆိုပါတိုက်၏ အပေါ်ထပ်တွင်နေထိုင်သူ တစ်ဦးက လွတ်နေသော ကားပါကင်နေရာ၌ ၎င်း၏ Belta ကားအဖြူရောင်အား ရပ်နားစဉ် ဆိုင်ထဲမှ လူတစ်ဦးထွက်လာကာ ကားမရပ်ရန် ရင့်သီးစွာ ပြောဆိုခဲ့သည်။ ထို့နောက် အခြားမိသားစုဝင်များ ထွက်လာကာ Belta ကားအား ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ်၍ ထွက်သွားရန် ပြောဆိုခဲ့ပြီးနောက် ဝိုင်းဝန်း ထိုးကျိတ်ခဲ့ကြကြောင်း မြင်တွေ့ခဲ့ရသည်။
 
ယင်းကဲ့သို့ နိုင့်ထက်စီးနင်းကျူးလွန်သည့်အဖြစ်အပျက်ကို မျက်နှာချင်းဆိုင် တိုက်တွင်နေထိုင်သော “မမေမီဦး” က ဗီဒီယိုဖြင့် မှတ်တမ်းတင်ခဲ့ပြီး သူမ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။ ထိုအမှုကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
 
အဆိုပါ တက္ကသိုလ်ရိပ်သာလမ်းသစ်လမ်း တစ်ဝိုက်တွင် ကွန်ဒိုများ၊ ကုမ္ပဏီရုံးခန်းများတည်ရှိပြီး နိုင်ငံခြားသားများနှင့် လူချမ်းသာများ နေထိုင်ကြသည့် နေရာဖြစ်သော်လည်း ပါကင်တွင် ကားရပ်နားခဲ့ပါက ကားအားခြစ်သွားခြင်း၊ တပ်ဆင်ထားသော အလှဆင်ပစ္စည်းများအား ဖျက်ဆီးခံရခြင်းနှင့် ကားဘီးလေလျှော့ခံရခြင်း စသောအဖြစ်တို့ကို မကြာခဏကြုံတွေ့နေရကြောင်း သတင်းကြီးသည့် နေရာတစ်ခုဖြစ်ကြောင်း ကြားသိရသည်။
 


Follow us on