1. Home
  2. Special or Others

အသက်(၈၀)ကျော်မှ ကွန်ပျူတာလေ့လာပြီး စမတ်ဖုန်းအပလီကေးရှင်း ရေးနိုင်ခဲ့တဲ့ ဘွားဘွား

Special or Others เม.ย. 04, 2560 view 1,625
လူအတော်မျာများက အသက် ၅၀ ကျော် ဝန်းကျင်ရောက်လာတဲ့အခါ ငါအိုပြီ၊ ငါမလုပ်နိုင်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ကာ စိတ်လျော့သွားတတ်ကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက အဖွားအို တစ်ဦးကတော့ အလုပ်မှအနားယူပြီး အသက် (၈၀)နားနီးမှ ကွန်ပျူတာ ကုဒ်ရေးနည်းကို ကိုယ်ဟာကိုယ်သင်ယူပြီး နောက်ဆုံးမှာ အိုင်ဖုန်း ဂိမ်းအပလီကေးရှင်း (iPhone Game App) ကို ရေးသားနိုင်ခဲ့ပါတယ်။
 
 
“မာဆာကို ဝါကာမီယာ” ဆိုတဲ့ အဖွားအိုဟာ ဂျပန်နိုင်ငံက ဘဏ်တစ်ခုရဲ့ ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၄၀ ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် သူမအသက် ၆၀ အရွယ်မှာ အလုပ်ကနေ အငြိမ်းစားယူခဲ့ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို စောင့်ရှောက်နေရင်း တစ်နေ့မှာ မဂ္ဂဇင်းတစ်စောင်ထဲက နည်းပညာအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရင်း သူတို့လို ဘယ်မှ မသွားနိုင်လာနိုင်တဲ့ လူအိုတွေအတွက် ကွန်ပျူတာတစ်လုံးရှိရင် ကမ္ဘာပေါ်က အဖြစ်အပျက်တွေ အားလုံးကို အိမ်မှာနေရင်း သိနိုင်တယ်ဆိုတဲ့ အကြောင်းကို သဘောပေါက်လာခဲ့ပါတယ်။ 
 
 
နောက်တစ်ရက်မှာတော့ သူမဘဝရဲ့ ပထမဆုံးကွန်ပျူတာကို ဝယ်ယူခဲ့ပါတယ်။ ကွန်ပျူတာဆိုတာ သူမနဲ့ လုံးဝမနီးစပ်တဲ့ ပစ္စည်းဖြစ်လို့ ကွန်ပျူတာကို ကိုယ်တိုင် တပ်ဆင်တာ အချိန်သုံးလ ကြာမြင့်ခဲ့ပါတယ်။ ကွန်ပျူတာအကြောင်းကို ကိုယ်တိုင်လေ့လာစမ်းသပ် သင်ယူနေရင်းကနေ အွန်လိုင်းမှာ စကားပြောကြတဲ့ စနစ်(Online Chatting) ကို တွေ့ရှိခဲ့ပြီး သူမရဲ့ အထီးကျန်တဲ့ အချိန်တွေကို ချက်တင်မှာ စကားပြောရင်း ဖြေဖျောက်ခဲ့ပါတယ်။
 
 
ဒီလိုနဲ့ ချက်တင်ကို သုံးနေရင်းကနေ အွန်လိုင်းမိတ်ဆွေတွေဆီကနေတစ်ဆင့် ကွန်ပျူတာ ပရိုဂရမ်ရေးနည်း ဆိုတာကို သူကြားသိလာပါတယ်။ အဲဒီနောက်မှာတော့ ကုဒ်ရေးနည်းကို စတင်ပြီး ကိုယ်တိုင် လေ့လာပါတော့တယ်။
 
 
နောက်ဆုံးမှာတော့ သူမဟာ အိုင်ဖုန်းဂိမ်း တစ်ခုကို အောင်မြင်စွာ ကိုယ်တိုင်ရေးသားခဲ့ပြီး Apple စတိုးမှာ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ သူမရဲ့ ဂိမ်းက ဂျပန်ရိုးရာ အားလပ်ရက် “မိန်းကလေးများနေ့” ကို အခြေခံအိုင်ဒီယာယူထားပြီး အရုပ်လေးတွေကို လိုက်ဖက်ရာ လိုက်ဖက်ရာ အဝတ်အစားတွေ ဆင်ပေးရတဲ့ သာမန်ဂိမ်းလေးတစ်ခုသာ ဖြစ်ပါတယ်။
 
 
ဒါပေမယ့် သူမရဲ့ အသက်အရွယ်နဲ့ ဒီလိုဂိမ်းမျိုးကို ကိုယ်တိုင်ကြိုးစားရေးဆွဲနိုင်ခဲ့တဲ့အတွက် ဂျပန်နည်းပညာဖလှယ်ပွဲ 2014 TEDxTokyo မှာ ဖိတ်ကြားခံရပြီး စင်မြင့်ထက်မှာ စကားပြောခွင့်ရတဲ့အထိ အောင်မြင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။
 
 
ယခုဆိုရင် သူမရဲ့အသက်ဟာ (၈၁)နှစ် ရှိပြီဖြစ်သော်လည်း လေ့လာသင်ယူမှုတွေကို မရပ်ထားပဲ ကိုယ်ပိုင် ဝဘ်ဆိုက်တစ်ခု တည်ထောင်ကာ အသက်ကြီးတဲ့သူတွေ နည်းပညာလမ်းကြောင်းပေါ် လိုက်ပါ ကူးပြောင်းလာနိုင်ဖို့ အထောက်ကူပြု နည်းပညာဆိုင်ရာ သင်ခန်းစာတွေကို ပို့ချပေးလျှက်ရှိပါတယ်။
 
 
သူမရဲ့ လေ့လာအားထုတ်မှုကို ကြည့်ပြီး သင်ယူမှုဆိုသည်မှာ အသက်ကြီးသည်၊ ငယ်သည် ဆိုသည့် ကန့်သတ်ချက်မရှိပဲ လေ့လာအားထုတ်လိုတဲ့ ဇွဲစိတ်သန်ဖို့သာ ရှိဖို့လိုကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။


Follow us on