1. Home
  2. Myanmar News

YBS ဘတ်စ်ကားခ ပိုင်းဖြတ်ကောက်ခံမှု မကျေနပ်၍ ယာဉ်လိုင်းတချို့ ပြေးဆွဲခြင်းမပြုဘဲ ဆန္ဒပြ

Myanmar News เม.ย. 07, 2560 view 1,396

ဧပြီ ၇ ရက် (ယနေ့) နံနက်ပိုင်းတွင် YBS ဘတ်စ်ကားခ ပိုင်းဖြတ်ကောက်ခံမှုကို ယာဉ်လိုင်းတချို့က ကျေနပ်မှုမရှိသဖြင့် ခရီးစဉ် ပြေးဆွဲခြင်းမပြုဘဲ ဆန္ဒပြခဲ့ကြပြီး ယင်းသို့ ခရီးစဉ်များ ပြေးဆွဲခြင်းမရှိသည့်အတွက် ၀န်ထမ်းများနှင့် ခရီးသွားပြည်သူများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ဧပြီလ ၃ ရက်နေ့က Ygangon Bus Report ဖေ့စ်ဘုတ် စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားခဲ့သည့် YBS ယာဉ်လိုင်းများ၏ ခရီးစဉ်အပိုင်းလိုက် ယာဉ်စီးခ ကောက်ခံမည့် နှုန်းထားများကို ယနေ့ ဧပြီလ ၇ ရက်နေ့တွင် စတင် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။

“ယာဉ်စီးခကို ပိုင်းဖြတ်ကောက်ဖို့ မနက်က စတစ်ကာတွေ လာကပ်တယ်။ ဒီနေ့ စရမယ်ပေါ့။ သူတို့ကပ်သွားပြီး နောက်ပိုင်းမှာပဲ ကျွန်တော်တို့လိုင်းမှာ သူတစ်မျိုး၊ ငါတစ်မျိုးနဲ့ ကန့်ကွက်တဲ့အသံတွေ၊ မကျေနပ်တဲ့အသံတွေ ထွက်လာတယ်။ ဒီနေ့အတွက် ယာဉ်လိုင်းမပြေးဆွဲပဲ ဆန္ဒပြဖို့က အဲဒီက စဖြစ်တာပဲဗျ” ဟု ယာဉ်နောက်လိုက်ဖြစ်သူ ကိုခင်မောင်က ပြောသည်။

“အခုလို အထက်က ယာဉ်စီးခကို ခရီးစဉ်အပိုင်းလိုက် ကောက်ခံတာက YBS စနစ် စပြောင်းတည်းက လုပ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အခု ၂၀၀ မှာ လူတွေ တော်တော်လေး ငြိမ်နေကြပြီ။ စနစ်တစ်ခုမှာတော့ အဆိုးအကောင်း ဆိုတာ ရှိတတ်တာပဲ။ ခရီးဝေးသွားတဲ့သူတွေအတွက် အစအဆုံး ၂၀၀ ဆိုတော့ သက်သာတယ်။ ဒါပေမဲ့ ခရီးစဉ်နီးတဲ့သူကျတော့ ၂၀၀ မပေးချင်ကျတော့ဘူး။ ခရီးသည် တချို့အဆင်ပြေမှုရှိသလို တချို့ခရီးသည်တွေက တစ်နေ့ ၂၀၀၊ ၄၀၀ ပိုကုန်သွားတာရှိတယ်။ အခု ခရီးစဉ်ပိုင်းဖြတ်မှုကို ခရီးသည်တွေအတွက် အဆင်ပြေစေလိမ့်မယ်။ ဒါပေမဲ့ YBS စနစ် ရာနှုန်းပြည့်ပြောင်းလဲမှု မရှိသေးတဲ့ အချိန်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ အတွက်လည်း စဉ်းစားပေး သင့်တယ်လို့ မြင်တယ်။ မထသ တုန်းက ဘတ်စ်ကားတစ်စီးကို ဂိတ်ကြေးအဖြစ် တစ်နေ့ ၃၀၀၀ ပေးရတယ်။ အခု YBS မှာ ဂိတ်ပိတ်ကြေးက ၆၀၀၀ ပေးရတယ်။

အရင်တုန်းက တစ်ကြောင်းပဲ ဆွဲလို့၊ ကားပျက်လို့ဆို အဲ့ဒီ ဂိတ်ကြေး ၃၀၀၀ လုံး မပေးရဘူး။ အခု YBS မှာ တစ်ကြောင်းပဲဆွဲဆွဲ၊ လှည့်ပဲပြန်လာပြန်လာ ၆၀၀၀ အသားတင်ပဲ။ အခု ဆီဈေးကလည်း ကျတယ်မရှိသေးဘူး။ တစ်နေ့ သုံးကြောင်းလောက် ပြေးဖို့က ဆီဖိုးချည်းပဲ နှစ်သောင်းခွဲလောက် သုံးရတယ်။ ယာဉ်ပိုင်ရှင်ကိုက သုံးသောင်း၊ ဂိတ်ကြေးက ၆၀၀၀၊ အဲ့ဒီမှာတင် ခြောက်သောင်း တစ်ထောင်ဖြစ်နေပြီ။ အခုလို ပိုင်းဖြတ်ကောက်ခံမှုကို ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေက မကျေနပ်ကြဘူး။ အဲ့ဒါကြောင့် ယာဉ်လိုင်းမပြေးဆွဲဘဲ ဒီနေ့ ဆန္ဒပြကြတာပါ” ဟု ဂိတ်မှူး ကိုအောင်စိုး (အမည်လွဲ)က ပြောပြသည်။

Credit : The Ladies News



Follow us on