“မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ..”
သင်္ကြန်ချိန်ခါ နီးလာပြီဆိုရင် ရုပ်ရှင်မင်းသားကြီး ဦးဇော်ဝမ်းရဲ့ သီချင်းလေးတွေက နေရာအနှံ့ ဟိုမှာသည်မှာ ပျံ့လွင့်လို့နေပါတယ်။ ပိတောက်ပင်ထက်က ပိတောက်ဖူးတွေဟာလည်း တန်းခူးလသင်္ကြန်ရက်မှာ အစွမ်းကုန်ပွင့်ဖို့ အသင့်ဖြစ်နေကြပါပြီ။
မြန်မာနိုင်ငံရဲ့ ၁၂ လရာသီပွဲတော်တွေထဲမှာ အထူးခြားဆုံးပွဲတော်ဟာ သင်္ကြန်ပွဲတော်ပဲဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူး ရေသဘင်ပွဲတော် သင်္ကြန်ဟာ ချစ်စရာအကောင်းဆုံးဖြစ်ပြီး ဘာသာ၊ လူမျိုး ခွဲခြားခြင်းမရှိပဲ အားလုံးပျော်ပျော်ပါးပါးနဲ့ ပါဝင်ဆင်နွှဲနိုင်တဲ့ပွဲတော်မို့ ဒီမိုကရေစီအဆန်ဆုံး နှစ်သစ်ကူး ပွဲတော်တစ်ခုဆိုရင်လဲ မမှားပါဘူး။
နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ စင်ကြယ်အောင်ဆိုတဲ့ အတိတ်နိမိတ်နဲ့ တစ်ဦးကိုတစ်ဦး ရေစင်ပက်ဖြန်းတဲ့ အလေ့အထဟာ ရှေးရှေးသော ဘုရင်မင်းများ လက်ထက်ကတိုင်ကျင်းပခဲ့တာ ယနေ့ထိပဲဖြစ်ပါတယ်။
သင်္ကြန်ဟူသော ဝေါဟာရမှာ “သင်္ကန္တ” ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာကာ “ကူးပြောင်းခြင်း” ဟုအဓိပ္ပါယ်ရသည်။ ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်မှာလည်း သင်္ကြန်၏အထင်ကရ ပုံရိပ်များဖြစ်သည်။
တိမ်မြုတ်ပျောက်ကွယ်လုနီးပါး သင်္ကြန်တွင်း နောက်ပြောင်ကျီစယ်သည့် အလေ့အထတစ်ခုမှာ အိုးမဲသုတ်ခြင်းပင်ဖြစ်သည်။ တောရွာများတွင်တော့ ထိုဓလေ့ကို တွေ့မြင်နေရဆဲဖြစ်ပြီး မြို့ပြကြီးများတွင်တော့ အိုးမည်းများအစား မျက်နှာဖုံးတွေ ဆင်မြန်းလာတာကို တွေ့ရပါတယ်။ တစ်ဦးနှင့်တစ်ဦး ရေပက်ဖြန်းသည့် ရေသဘင်ပွဲတော်ဖြစ်လင့်ကစား ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာလည်း ချစ်စရာကောင်းသည့် အလေ့အထတစ်ခုပင်ဖြစ်သည်။
သင်္ကြန်မင်းသားဟု တင်စားရလောက်သည့် မုန့်လုံးရေပေါ်မှာ မပါမဖြစ် သင်္ကြန်အစားအစာ တစ်ခုအဖြစ် ထင်ရှားကျော်ကြားလှသည်။ မုန့်လုံးရေပေါ်နှင့် သင်္ကြန်ကို ဘယ်တော့မှ ခွဲခြားလို့ ရနိုင်မည်မဟုတ်ပါ။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည် စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။
နှစ်ပေါင်းများစွာ တိမ်မြုတ်ပျောက်ကွယ်နေပြီး ယခုနှစ်သင်္ကြန်တွင် ပြန်လည်တွေ့မြင်ရမည့် သင်္ကြန်ပြယုဂ်တစ်ခုကတော့ သံချပ်များပင်ဖြစ်ပါတယ်။ တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ကို ချွတ်ယွင်းချက်များ အားနည်းချက်များရှိပါက သတိထားမိစေရန် သံချပ်တိုင်ပြီး ထောက်ပြ ပြောဆိုတာကလည်း သင်္ကြန်၏ ရိုးရာတစ်ခုပင်ဖြစ်သည်။
သင်္ကြန်ကာလတွင်း ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာပွားများသူများရှိသကဲ့သို့ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်းတို့နဲ့လဲ ကုသိုလ်ယူနိုင်ကြပါသေးတယ်။
ထို့ကြောင့် သင်္ကြန်ရောက်တိုင်း ကလေးလူကြီးများမကျန် စိတ်လက်ရွှင်လန်းကာ မြန်မာပြည်သူပြည်သားတွေသာမက မြန်မာပြည်ကိုရောက်ရှိနေတဲ့ တိုင်းတစ်ပါးလူမျိုးခြားများကပါ ပျော်ရွှင်ရသည့် အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုပင်ဖြစ်ပါသည်။