1. Home
  2. Myanmar News

သင်္ကြန်တွင်းအမှုအခင်းများအား ချက်ခြင်းအရေးယူပြီး တရားခံကိုချက်ခြင်းထောင်ထဲထည့်မည်

Myanmar News เม.ย. 09, 2560 view 1,462
၂၀၁၇ခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖြစ်ပွားသောမှုခင်းများကို ချက်ချင်းတရားစွဲဆိုကာ တရားခံများကို ထောင်ထဲထည့်သွားဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်စိုးဝင်းက ပြောကြားခဲ့သည်။
 
သင်္ကြန်တွင်းမှာ သင်္ကြန်မှုခင်းဆိုတာရှိမယ်။ ရှိတဲ့အခါမှာ အားချင်းစွဲမယ်။ ထောင်ပို့မယ်။ ထောင်ကနေ လက်ခံဖို့ ညှိရမယ်။ သင်္ကြန်မှာ ရဲလုပ်ငန်းတွေ ပိတ်လို့မရဘူး။ အမှုဖွင့်တာတွေ လက်ခံမယ်။ ရဲလုပ်ငန်းစဉ်တွေ ပုံမှန်အတိုင်း အရှိန်မပြတ်သွားပါမယ်”ဟု ပြောသည်။
 
သင်္ကြန်ပွဲတော်လုံခြုံရေးနှင့်ပတ်သက်၍ သင်္ကြန်အကြိုကာလ၊ သင်္ကြန်ကာလနှင့် သင်္ကြန်ကာလ နောက်ပိုင်းဟူ၍ အပိုင်းသုံးပိုင်းဖြင့် စီမံချက်ရေးဆွဲထားကြောင်း၊ မိုင်းကာကွယ်ရေးစီမံချက်များနှင့် ပုံမှန်သင်္ကြန်လုံခြုံရေး စီမံချက်များကို ရေးဆွဲထားကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။
 
သင်္ကြန်ကာလမှာ အမှုတွေက ရှိနေမှာဖြစ်တဲ့အတွက် သင်္ကြန်အတွက် လုံခြုံရေး ထုတ်တဲ့အပြင် နောက်ချန်အင်အားကို အချိုးအစားလေးနဲ့ ချန်ဖို့ရှိပါတယ်။ ထုတ်နှုတ်လိုက်တဲ့ အင်အားတွေကို အလုပ်ပါးတဲ့ ခရိုင်တွေက အင်အားတွေကို ထုတ်နှုတ်ပြီး တွဲပါမယ်”ဟု ပြောသည်။
 
ထို့အပြင် လမ်းပေါ်တွင် အကြောင်းမဲ့ရပ်ထားသောကားများကို ကရိန်းကားဖြင့် ဆွဲဖယ်သွားမည်ဖြစ်ကြောင်း၊ မြို့ဝင်မြို့ထွက်များတွင် ကားများပေါ်မှ တုတ်၊ ဓား၊ လက်နက်များကို သိမ်းဆည်းမည်ဖြစ်ကြောင်း၊ အရက်၊ ဘီယာပုလင်းများကို ကြွပ်ကြွပ်အိတ်ဖြင့် ပြောင်းလဲ ထည့်ပေးမည်ဖြစ်ကြောင်း ပြောသည်။
 
မနှစ်က စနစ်တကျဆောင်ရွက်ခဲ့တဲ့အတွက် အဖြေရလဒ်ကို ပြန်ကြည့်လိုက်ရင် ဆိုးဆိုးဝါးဝါး၊ ပုံပျက်ပန်းပျက်အနေအထား မျိုး၊ လျော့ရဲမှု၊ ပြဿနာဖြစ်ပွားမှု မရှိခဲ့ဘူး။ အဲဒါကြောင့်မို့လို့ ဒီနှစ်မှာ လည်း မနှစ်က အစဉ်အလာလေးကို ထိန်းပြီး မနှစ်ကထက် ပိုကောင်းအောင် သင်္ကြန်ပွဲတော် လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီကို အားလုံးပြည့်စုံအောင် ဖွဲ့စည်းထားပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က ပြောသည်။ 
 
၂၀၁၆ ခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်နှင့်တိုက်ရိုက်ပတ်သက်သော လူသတ်မှု ၁ မှု၊ ယာဉ်တိုက်မှု ၃ မှု၊ 
ခိုက်ရန်ဖြစ်ပွားမှု ၇ မှု၊ လက်နက်ကိုင်ဆောာင်မှု ၅ မှု၊ ခါးပိုက်နှိုက် တစ်မှု၊ မူးယစ်ရမ်းကားမှု တစ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂ ဦး နှင့် ဒဏ်ရာရရှိသူ ၂၄ ဦးရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက် အရ သိရသည်။
 
Credit:myanmartimes


Follow us on