စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် ပထမဆုံးစက်ရုံကို ရန်ကုန်တိုင်းရွှေပြည်သူ မြို့နယ် လှော်ကားလမ်းအနီးတွင် ဧပြီလ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
ဂျပန်နိုင်ငံ၏ နည်းပညာနှင့် ငွေကြေးအကူအညီတို့ဖြင့် ဆောက်လုပ်ထားသော အဆိုပါလျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စက်ရုံကို ၂၀၁၆ ခုနှစ်မှ စတင်ကာဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆ သန်းကုန်ကျခဲ့ပြီး ဂျပန်နိုင်ငံမှ အမေရိဥန်ဒေါ်လာ ၈ သန်း ကူညီပံ့ပိုးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်းမှ ထွက်ရှိသော အမှိုက်တန်ချိန် ၆၀ ကိုမီးရှို့ကာ လျှပ်စစ်ဓါတ်အား ကီလိုဝပ် ၇၀၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထွက်ရှိလာသော ကီလိုဝပ် ၇၀၀ တွင် ၃၀၀ ကို စက်ရုံအတွက် ပြန်လည် အသုံးချပြီး ကျန် ၄၀၀ ကီလိုဝပ်ကို ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စက်ရုံသည် ကာဗွန်လျှော့ချရေး အစီအစဉ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘာဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းမရှိဘူးဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ရုံဖွင့်ပွဲနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ အမှိုက်တန်ချိန် ၂,၃၀၀ ခန့် နေ့စဉ် အနည်းဆုံး ထွက်ရှိနေကြောင်း သိရှိရသည်။
Ref:ပြည်မြန်မာ